ထားဝယ်၊ စက်တင်ဘာ ၂၄

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အားအများအပြားနဲ့ မောင်မယ်ရှောင်ကျေးရွာထဲက နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ ကျေးရွာအ တွင်းရှိ နေအိမ်သုံးလုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သလို စက်တင်ဘာ ၂၃ ရက်နေ့မှာလည်း နေ အိမ်အများအပြားကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မောင်မယ်ရှောင်ရွာထဲမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးတာတွေ ရှိနေတာကြောင့် အခုလိုကျေးရွာအတွင်းရှိ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားတဲ့အခြေအနေအရ မီးခိုးတက်နေတဲ့ ပုံစံကိုကြည့်ခြင်းအားဖြင့် အရင်ကထက် မီးလောင်ပျက်ဆီးသွားတဲ့ အိမ်အရေအတွက် ပိုများနိုင်တယ်လို့ ဒေသခံတွေကြား ခန့်မှန်းပြောဆိုနေကြပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ တပ်စွဲနေထိုင်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တစ်လကျော်ကြာမြင့်တဲ့အထိ ထွက်ပြေးတိမ်းရှောင်နေရသလို ကျေးရွာအတွင်းရှိ နေအိမ်တွေကလည်း လေးကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကျေးရွာအတွင်းရှိ နေအိမ် ၁၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.