နယူးယောက်၊ စက်တင်ဘာ ၂၄

အစ္စရေးနဲ့ လက်ဘနွန်ရှိ တီဟီရန်အစိုးရက ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့ကြား တစ်နှစ်နီးပါးကြာ ပဋိပက္ခထဲ ပါဝင်လာအောင် ရန်စပြီးတော့ အစ္စရေးက အရှေ့အလယ်ပိုင်းမှာ ရာနှုန်းပြည့်စစ်ပွဲ ဖြစ်လာအောင် ဖန်းတီးနေတာကြောင့် ပြန်ပြင်မရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ကြောင်း အီရန်သမ္မတက စက်တင်ဘာ ၂၃ ရက်မှာ သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်ကိုရောက်လာပြီးနောက် သတင်းထောက်တွေနဲ့ ပြောကြားရာမှာ အီရန် သမ္မတ မာဆောက် ပီဇက်ခီယန်က မိမိတို့ အနေနဲ့ အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်ဖြစ်စေတဲ့ နိုင်ငံ မဖြစ်လိုဘဲ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ပြန်ပြင် မရလောက်တဲ့အထိ ဆိုးရွားလာနိုင်တယ်လို့ ပြောကြားပါတယ်။

မိမိတို့အနေနဲ့ စစ်ပွဲကို မလိုလားသလို ငြိမ်းချမ်းစွာနေလိုပြီး အင်အား အကုန် ထုတ်သုံးရတဲ့ စစ်ပွဲကြီး ဖြစ်လာအောင် ဖန်တီးနေတာက အစ္စရေး ဖြစ်တယ်လို့ အီရန်သမ္မတက ပြောပါတယ်။

လက်တွေ့ကျတဲ့ နိုင်ငံခြားရေး မူဝါဒ ကျင့်သုံးမယ်ဆိုတဲ့ ကတိနဲ့ အတူ ပြီးခဲ့တဲ့ ဇူလိုင်လက ရွေးကောက်ခံခဲ့ရတဲ့ သဘောထား အလယ်အလတ်ရှိ သမ္မတ ပီဇက်ခီယန်က ဂါဇာမှာ အစ္စရေးက လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက နှုတ်ဆိတ်နေတယ်လို့ စွပ်စွဲထားပါတယ်။

စက်တင်ဘာ ၂၃ ရက်က လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် သမ္မတ ပီဇက်ခီယန်ရဲ့ အရှေ့အလယ်ပိုင်း ပြဿနာကို ဆွေးနွေးမှုတွေက တဆင့် ဖြေရှင်းရေး တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟစ်ဇဘိုလာကြား ပဋိပက္ခမှာ အီရန် ပါဝင်သွားမှာလား ဆိုတဲ့ မေးခွန်းကို သမ္မတ ပီဇက်ခီယန်က ကိုယ့်အခွင့်အရေးတွေနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ခုခံ ကာကွယ်နေတဲ့ ဘယ်အဖွဲ့ကိုမဆို မိမိတို့ ကူညီပေးမယ်လို့ ဖြေကြားသွားပါတယ်။

အစ္စရေးနဲ့ ဟစ်ဇဘိုလာကြား နေ့တိုင်းနီးပါး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်စလုံးမှာ အရပ်သား ထောင်နဲ့ချီပြီး ထွက်ပြေးခဲ့ရပါတယ်။

မိမိတို့ အနေနဲ့ ပိုမိုကြီးမားတဲ့ ပဋိပက္ခကို အလိုမရှိဘဲ ဂါဇာ စစ်ပွဲကို အဆုံးသတ်စေလိုတာသာ ဖြစ်တယ်လို့ ဟစ်ဇဘိုလာအဖွဲ့က ပြောဆိုထားပါတယ်။

ဂါဇာ စစ်ပွဲ အဆုံးသတ်စေဖို့ အီဂျစ်နဲ့ ကာတာ အပြင် အစ္စရေးကို အဓိက ထောက်ခံနေတဲ့ အမေရိကန်တို့ ကြားဝင် ညှိနှိုင်းဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ရှေ့မတိုးနိုင် ဖြစ်နေပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုရဲလ်က အစ္စရေးနဲ့ ဟစ်ဇဘိုလာအဖွဲ့ကြား ပဋိပက္ခဟာ အင်အား အကုန်ထုတ်သုံးပြီး တိုက်ရမယ့် စစ်ပွဲ တစ်ပွဲလို ဖြစ်လာနေပြီလို့ သတိပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.