ကျိုက်ထို၊ စက်တင်ဘာ ၂၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သားအဖနှစ်ဦးကို အမည်မသိသေနတ်သမားတွေက နေအိမ်မှာ ဝင်ရောက်ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မုက္ခမူကျေးရွာ ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ဦးမြင့်အောင်နဲ့ ပါတီရဲ့ လူငယ်ရေးရာအဖွဲ့ဝင် မဝင်းနုခိုင်တို့ကို အမည်မသိသေနတ်သမားတွေက နေ အိမ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သူတို့သားအဖနှစ်ဦးဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ သေဆုံးသွားတဲ့ သားအဖနှစ်ဦးဟာ ကျေးရွာထဲက ဒေသခံတွေကို စစ်တပ်ကို ထောက်ခံဖို့၊ ပါတီကိုအားပေးဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေ ရွာထဲလာရင် သတင်းပေးဖို့ လိုက်လံစည်းရုံးနေသူ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖနှစ်ဦးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တွေက လာရောက်ပစ်သတ်သွားတာ ဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကျိုက်ထိုအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့ သုံးဖွဲ့ထက်မနည်း သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် သူတို့အနေနဲ့ သိရှိတာမရှိဘူးလို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်တပ်သတင်းပေးဒလန်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေ မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းခံရတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media