ညောင်လေးပင်၊ စက်တင်ဘာ ၂၄

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်တို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ခရိုင် ၂ ခုအတွင်း ပြည်သူ ၉ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၃၀၀၀၀၀ ကျော် ရေဘေးကြုံနေရတဲ့အတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကနေ ဒီကနေ့အချိန်အထိ မိုးသည်းထန်စွာရွာသွန်းပြီး မြန်မာပြည်အထက်ပိုင်းက ဆည်ရေလှောင်တမံတွေ ရေလွှတ်တာတွေကြောင့် ကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေတာပါ။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီး၊ ရွှေကျင်နဲ့ မုန်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၂၈၉ ရွာ၊ အိမ်ခြေ ၃၂,၂၄၆ လုံး၊ လူဦးရေ ၁၆၈,၄၂၇ ဦးတို့ဟာ သဘာဝဘေးအ န္တရာယ်ကို ခါးသီးစွာ ခံစားနေရသလို မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံတာတွေကြောင့် စပါးပင်တွေ ရေလွှမ်းကာပျက်စီးမှုနဲ့ စပါးပိုးကျတာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုကြောင့် ညောင်လေးပင်ခရိုင် ကျေးရွာအတွင်းရှိ နေထိုင်တဲ့ ပြည်သူလူထုတွေ၊ စစ်ဘေးရှောင်တွေနဲ့ တိရိစ္ဆာန်တွေအတွက် နေရာအခက်အခဲနဲ့ စားဝတ်နေရေး အခက်အခဲတွေများစွာကြုံတွေ့နေရပြီး ရေကြီးမှုကြောင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

ရေဘေးကြုံနေရတဲ့ ကျေးရွာတွေကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနဲ့ အဖွဲ့သားတွေက လှေတွေနဲ့ အမြင့်ပိုင်းနေရာတွေဘက်ကို ပို့ဆောင်တာ အရေးပေါ်အကူအညီတွေ ထောက် ပံ့ပေးတာတွေ ပြုလုပ်ခဲ့ပေမယ့် လုံလောက်မှုမရှိဘဲ အရေးပေါ်အကူအညီတွေနဲ့ ဆေးဝါးတွေ လို အပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် တောင်ငူခရိုင်ထဲမှာလည်း စက်တင်ဘာ ၁၄ ရက်ကစပြီး ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၇၅ ရွာ ရေနစ်မြုပ်ခဲ့ကာ လူဦးရေ ၁၄၈,၅၀၀ ရေဘေးသင့်ခဲ့သလို ကျောင်းတစ်ကျောင်းပျက်စီးပြီး လူခုနှစ်ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းနဲ့ ဇရပ်ကြီးတောင်ခြမ်းအုပ်စုဘက်မှာ လယ်ယာမြေဧက ၂၆၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ကျွဲနွား အကောင် ၁၄၀ ကျော် အသေအပျောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အခုနှစ် ရေကြီးရေလျှံမှုတွေဟာ နှစ်ပေါင်း ၅၈ နှစ်အတွင်း အကြီးမားဆုံးရေကြီးရေလျှံမှုဖြစ်ပြီး တောင်ငူခရိုင်ထဲမှာ လာမယ့်နှစ်အတွင်း တောင်ပေါ်မြို့တွေအတွက် စားနပ်ရိက္ခာပြတ်လပ်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ KNU က သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.