လားရှိုး ၊ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ ငြိမ်းချမ်းရေး မြှင့်တင်သူတွေရဲ့ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ပြောပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ တိုက် လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ လားရှိုးတိုက်ပွဲတွေ ငြိမ်သက်ပြီးနောက် စစ်ခေါင်းဆောင်ရဲ့ စတုတ္ထကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ပစ်မှတ်တွေဟာ စာသင်ကျောင်းတွေအပါအဝင် အများပြည်သူဆိုင်ရာ အဆောက်အအုံတွေနဲ့ လူနေရပ်ကွက်တွေကိုပါ ပစ်မှတ်ထားတာလို့ ဆိုပါတယ်။

ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကိုနင်းချေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူမျိုးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြှင့်တင်ဖို့ လုပ်ဆောင်နေကြသူတွေရဲ့ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမှာ သေချာတယ်လို့ MNDAA သတိပေးလာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက MNDAA အနေနဲ့ ချက်ချင်းအပစ်ခတ်ရပ်စဲပြီး တရုတ်နိုင်ငံနဲ့ တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ ဖြေရှင်းသွားမယ်လို့ စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲပါ သဘောထားကို ကြေညာခဲ့ပါတယ်။

ဒါ့အပြင် စစ်မြေပြင်ချဲ့ထွင်တာ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြုလုပ်မှာမဟုတ်ပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ ကြေညာချက်မှာ ထုတ်ပြောထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ MNDAA ဘက်က ကြေညာချက်အတိုင်း လုပ်မှာလား မလုပ်ဘူးလားဆိုတာ စစ်ခေါင်းဆောင်က စောင့်ကြည့်တဲ့သဘောဖြစ်တာကြောင့် အပေး အယူတွေ လုပ်ကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ အခုက ဈေးဆစ်နေလို့ပါ။ တကယ်တမ်း အဲဒီသဘောထားအတိုင်းလုပ်ဖို့ပါ။ ဆိုလိုတာက MNDA A ဟာ သူတို့ ထုတ်ပြန်ကြေညာချက်အတိုင်း လုပ်မှာလား မလုပ်ဘူးလားဆိုတာ မင်းအောင်လှိုင်က စောင့်ကြည့်ချင်တဲ့ သဘောကြောင့် တစ်ရက်နှစ်ရက်လောက် နောက်ကျတာ။ တကယ်လို့ အဲဒီ သဘောထားနဲ့ အခြေအနေ ခိုင်မာသွားပြီဆိုရင် မင်းအောင်လှိုင်က လားရှိုးကို လေကြောင်းထိုးစစ်ဆင်တာတွေ ရပ်ပေးပါလိမ့်မယ်။ ရပ်ပေးပြီးတော့ သူတို့အနေနဲ့ လားရှိုးရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆက်လက်ညှိနှိုင်းကြပါလိမ့်မယ်၊ အပေးအယူတွေ လုပ်ကြပါလိမ့်မယ်။ အဲဒီအတွက် ရက်တချို့ကို စောင့်ကြည့်ဖို့လိုပါတယ်လို့ ကျွန်တော်တော့ သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။

MNDAA အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအဖွဲ့ TNLA ၊ အာရက္ခတပ်တော် AA တို့နဲ့အတူ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီကို စစ်ကြေညာခဲ့ပါတယ်။

မြန်မာလူထုတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဆိုတဲ့ စစ်ဆင်ရေးရဲ့ ရည် ရွယ်ချက်တစ်ခုကြောင့် စစ်တပ်သမိုင်းတစ်လျှောက် မကြုံဖူးတဲ့ စစ်ရေးရှုံးနိမ့်မှုများစွာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအတွက်ကြောင့် စစ်ကောင်စီက တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကို နိုင်ငံ ရေးအရ တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းခဲ့ပြီး ရှမ်းမြောက်မှာ နှစ်ဘက်အပစ်ခတ်ရပ်စဲဖို့ ဟိုင်ဂင်သ ဘောတူညီချက် ရရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသဘောတူညီချက်ဟာ ၅ လကျော်သာခံပြီး ၂၀၂၄ ခုနှစ် ဇွန်နှောင်းပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းမြောက်မှာကျန်ရှိတဲ့ မြို့တချို့ကို မဟာမိတ်တပ်တွေ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ် ၃ ရက်နေ့မှာတော့ စစ်အင်္ဂါစဉ် နံပါတ် ၃ မှာ ရှိတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရသလို မြို့ ကိုလည်း MNDAA က သိမ်းပိုက်ရရှိခဲ့ပါတယ်။ အဲဒီနောက် အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသိပေးပြီးချိန်မှာ စစ်ကောင်စီက အခုလိုဗုံးကြဲတိုက် ခိုက်လာတာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးပွင့်ဆိုင်လုပ်သွားမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စကို အခုလို ဗုံးကြဲတိုက်ခိုက်တာဟာ ကြေညာချက်တွေ ပြန်ပြီးပျက်စီးသွားနိုင်တဲ့ ကိစ္စမျိုးရှိတယ်လို့ သုံး သပ်ပါတယ်။

“သူတို့ (စကစ၊တရုတ်၊ကိုးကန့်) သုံးပွင့်ဆိုင်လုပ်တဲ့ လုပ်သွားမယ့် ရှေ့လျှောက်ပြီးတော့ တိုက်ပွဲတွေရပ်စဲမယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ့်ဆိုတဲ့ကိစ္စက ဒီလို (ဗုံးကြဲတိုက်ခိုက်မှု) လုပ်တယ်ဆိုတာတော့ ကြေညာချက်တွေက ပြန်ပြီးတော့ ပျက်စီးသွားနိုင်တဲ့ ကိစ္စမျိုးလည်းရှိတယ်။ ဟိုင်ဂင်သဘောတူညီချက်လိုပေါ့။ ဒါကြောင့် တရုတ်အနေနနဲ့ ပြန်ပြီးတော့ ဒီကိစ္စကိုသုံးသပ်ညှိနှိုင်းပြီးတော့ ပြန်လုပ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်ဗျ။ ဒီအတိုင်းပြန်ပြီး သူတို့ကြေညာချက်အတိုင်း မဖြစ်လာဘဲနဲ့ ငြိမ်းချမ်းရေးပျက်သွားမယ့်အထိတော့ တရုတ်ဘက်ကလည်း လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာတော့ ကိုးကန့်အဖွဲ့ MNDAA ကို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အကြမ်းဖက်အဖွဲ့အဖြစ် စက်တင်ဘာလဆန်းမှာ ကြေညာခဲ့ပြီး လက်ရှိအချိန်အထိ ရုတ်သိမ်းခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.