နောင်ချို၊ စက်တင်ဘာ ၂၃

တအာင်းတပ်မတော် TNLA အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းတပ်မတော် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်ကနေ နေ့စဉ်နဲ့အမျှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာပါ။

အဲဒီလိုဗုံးကြဲရာမှာ စစ်ကောင်စီတပ်ဟာ လူအများအပြားသေစေနိုင်တဲ့ ပေါင် ၅၀၀ ဗုံး အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုလည်း နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး လေးလုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ် သုံးလုံးလည်း ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း နောင်ချိုမြို့ထဲကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ညဈေးတန်း၊ မြို့မဈေးနဲ့ ရပ်ကွက် ၄ မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်နဲ့ ဆိုင်ခန်းအချို့ ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်မှ နောင်ချိုမြို့အတွင်းကို စစ်အင်အားပြည်လည်ဖြည့်တင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ အသိပေးပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.