တိုကျို၊ စက်တင်ဘာ ၂၃

ငလျင်ဘေးကြောင့် နလန်ထခါစ ဂျပန်နိုင်ငံ အလယ်ပိုင်း ကျွန်းစွယ် တစ်ခုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်မှု မြေပြိုမှုတို့ ဖြစ်ပေါ်ခဲ့ပြီး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေက စက်တင်ဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။

လူတစ်ဦး သေဆုံးပြီး အခြားငါးဦးကတော့ နှလုံးရပ်သွားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မီးသတ်အရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားပါတယ်။

ဒါက ဂျပန်မှာ သေဆုံးကြောင်း ဆရာဝန်က အတည်မပြုခင် သေဆုံးနိုင်တဲ့ အခြေအနေကို ညွှန်းဆိုတဲ့စကား ဖြစ်ပြီး အစိုးရပိုင် ရုပ်သံလိုင်း NHK နဲ့ တခြားသတင်းဌာနတွေကတော့ သေဆုံးသူ ၆ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်ပင်လယ် ကမ်းရိုးတန်းပေါ်ရှိ အီရှီကာဝါ ဒေသဆိုင်ရာ အစိုးရက လူနှစ်ဦး ပျောက်ဆုံးနေပြီး တခြား ၈ ဦးရဲ့ ကံကြမ္မာကို မသိရသေးဘူးလို့ ပြောဆိုထားပါတယ်။

အီရှီကာဝါကျွန်းမှာ စက်တင်ဘာ ၂၁ ရက်က စတင်ပြီး မိုးသည်းထန်ခဲ့တာကြောင့် ဝါဂျီမာမြို့မှာ ၇၂ နာရီ အတွင်း မိုးရေချိန် ၅၄၀ မီလီမီတာ အထိ ရွာသွန်းခဲ့ပါတယ်။

ဒါဟာ မှတ်တမ်းတင်ထားသမျှထဲ အသည်းထန်ဆုံး မိုးဆက်တိုက် ရွာသွန်းမှု ဖြစ်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

အဲဒီဒေသဟာ အခု နှစ်ဆန်းပိုင်းက ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှုအပြီး နလန်ထခါစဒေသ ဖြစ်ပြီး အဆောက်အဦတွေ ပြိုလဲတာ ဆူနာမီလှိုင်းတွေနဲ့ ကြီးမားတဲ့ မီးလောင်မှုဒဏ်ကိုလည်း ခံခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။

လူ ၃၇၄ ဦး သေဆုံးခဲ့တဲ့ မြေငလျင် ဒဏ်အတွက် ခိုလှုံဖို့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေလည်း ရေမြုပ်သွားခဲ့ပါတယ်။

မိုးရွာသွန်းပြီးနောက် စက်တင်ဘာ ၂၃ ရက် နံနက်မှာ အိမ်ခြေပေါင်း ၄၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ဒေသဆိုင်ရာ ဓာတ်အားပေးဌာနက ပြောပါတယ်။

မြေပြိုမှုတွေကြောင့် လမ်းတွေ ပျက်စီး ပိတ်ဆို့သွားခဲ့တဲ့ အတွက် အဲဒီဒေသမှာ လူ ၁၀၀ လောက် အဆက်အသွယ် ပြတ်တောက်နေပါတယ်။

ကမ္ဘာတဝန်းမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ လတ်တလော ကြုံတွေ့ရမှု ပိုများလာတာဟာ လူတွေကြောင့် ဖြစ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.