“လာမယ့် အနာဂတ် အခင်းအကျင်း လမ်းသစ်တစ်ခုကို စမ်းပြီးတော့ ကြိုးပမ်းဖို့ ဆွေးနွေးဆုံးဖြတ်တာမျိုး ရှိပါတယ်။ လမ်းသစ်ဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံ ဖြေရှင်းနည်းနဲ့ အဖြေရှာဖို့ပေါ့။ နိုင်ငံရေး ဆွေးနွေးမှု ဘောင်ကျဉ်းနေတဲ့ကာလမှာ နိုင်ငံရေးပလက်ဖောင်း ကျယ်ပြန့်လာအောင် ကြိုးပမ်းကြမယ်ဆိုတာ ဆုံးဖြတ်နိုင်ကြတဲ့ အခြေအနေရှိတယ်” – ဗိုလ်မှူးကြီး စောကျော်ညွန့်
အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းဝေးကို ဒုတိယကြိမ်အဖြစ် စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့ပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ကရင် ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပါဝင်တဲ့ အဲဒီအစည်းအဝေးမှာ အတွင်းရေးမှူးအဖွဲ့ကနေ နိုင်ငံရေးအစီရင်ခံစာတွေအပါအဝင် လုပ်ငန်းအစီရင်ခံစာတွေကို တင်သွင်းခဲ့ပြီး အဲဒီအပေါ် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးမှာ အသေးစိတ်ဆွေးနွေးခဲ့ကြတဲ့အချက်တွေက ဘာတွေဖြစ်မလဲ။ အခုလိုမျိုး စစ်ဘောင်ကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ မဟာမိတ် ၇ ဖွဲ့ရဲ့ နိုင်ငံရေးရပ်တည်ချက်က ဘယ်လိုရှိနေလဲ။ အခိုင်အမာ ကိုင်စွဲထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာစေဖို့ အလားအလာတွေနဲ့ပတ်သက်လို့ရော ဘယ်လို ယုံကြည်မှုတွေရှိနေလဲဆိုတာ မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။
အပစ်ရပ်ထိုး EAOs မဟာမိတ် ၇ ဖွဲ့ကနေ အဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းဝေးကို စက်တင်ဘာ ၁၀ နဲ့ ၁၁ ရက်နေ့တို့မှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရတယ်။
မေး – မကြာသေးခင်ကလုပ်တဲ့ ဦးဆောင် အစည်းအဝေးရဲ့ ၂ ရက်တာမှာ ဘာတွေ ဆွေးနွေးခဲ့လဲ။ အကြမ်းဖျင်း ပြောပေးလို့ ရနိုင်မလား။ ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်တာတွေ ရှိမလား။
ဖြေ – 7 EAOs အဖွဲ့အစည်းဆိုတာက ခြောက်လတစ်ကြိမ် ပုံမှန်ကျင်းပတယ်။ နှစ်ရက်တာ ပြုလုပ်တဲ့ အစည်းအဝေးက ဒုတိယအကြိမ်ပေါ့နော် ဦးဆောင် အစည်းအဝေး လုပ်ရိုးလုပ်စဉ်အရပေါ့။ စုဖွဲ့မှုက ဦးဆောင်အဖွဲ့ဆိုတာ အမြှင့်ဆုံးစုဖွဲ့မှုဖြစ်တယ်။
အဲဒီအောက်မှာ ဆိုရင် အတွင်းရေးမှူးအဖွဲ့တို့ လုပ်ငန်းကော်မတီတို့ ရှိတာကိုး။ ဒါကြောင့် နှစ်ရက်တာကျင်းပတဲ့ ဦးဆောင်အဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ အတွင်းရေးမှူး အဖွဲ့ကနေပြီးတော့ နိုင်ငံရေး၊ လုပ်ငန်းအစီရင်ခံစာတွေတင်သွင်းတယ်။ အဲဒီအပေါ်မှာ အပြန်အလှန် ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တယ်။
ဆိုတော့ ဆုံးဖြတ်ချက်တွေလည်း ချမှတ်နိုင်ပါတယ်။ အဓိက ဆုံးဖြတ်ချက်ကတော့ ရှေ့ဆက်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ် တွေ ပေါ်ပေါက်လာဖို့အတွက်က ကျွန်တော်တို့ လမ်းသစ်တစ်ခုကိုရှာချင်တယ်။ နောက်ခံသမိုင်းကြောင်းတွေလည်း သိပြီးသားပါ။
၂၀၂၁ ကစပြီး NCA လမ်းကြောင်းတွေ အရ ဆွေးနွေးမှု ရပ်တန့်သွားတယ်။ ကျွန်တော်တို့ ၇ ဖွဲ့က ရပ်တန့်ပြီးသွားတဲ့ နောက်ပိုင်းမှာ NCA အနှစ်သာရ သုံးချက်ကို ကိုင်ပြီးတော့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ဘယ်လို လမ်းစဖော်လို့ရမလဲ ဆိုတာကို ကြိုးပမ်းခဲ့တယ်။
သို့သော်လည်း နှစ်နှစ်တာကာလမှာ ခရီးမပေါက်တဲ့အတွက် လာမယ့် အနာဂတ် အခင်းအကျင်း လမ်းသစ်တစ်ခုကို စမ်းပြီးတော့ ကြိုးပမ်းဖို့ ဆွေးနွေးဆုံးဖြတ်တာမျိုး ရှိပါတယ်။ လမ်းသစ်ဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံ ဖြေရှင်းနည်းနဲ့ အဖြေရှာဖို့ပေါ့။ နိုင်ငံရေး ဆွေးနွေးမှု ဘောင်ကျဉ်းနေတဲ့ကာလမှာ နိုင်ငံရေးပလက်ဖောင်း ကျယ်ပြန့်လာအောင် ကြိုးပမ်းကြမယ်ဆိုတာ ဆုံးဖြတ်နိုင်ကြတဲ့ အခြေအနေရှိတယ်။
နောက်ရှေ့ဆက်သွားမယ့် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့က တွေ့ဆုံပွဲတိုင်းမှာ အလွတ်သဘောကနေစမယ်။ နှစ်ဘက်လုံးအတွက် အဆင်ပြေတဲ့အချိန်၊ နေရာ၊ agenda အပေါ် အားလုံး အဆင်ပြေပြေ လိုက်ပါ နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကို အစပြုပြီးတော့ ကြိုးပမ်းဆောင်ရွက်ချက်ဖို့ ရှိတယ်။ ဒီလိုမျိုး အခက်အခဲရှိနေတဲ့ ကာလမှာ ပေါ့ပေါ့ပါးပါး အကြောင်းရာလေးတွေက စချင်တယ်။
တိုင်းရင်းသား လက်နက်ကိုင် ဆယ်နှစ်ဖွဲ့စပြီး ဖယ်ဒရယ်အခြေခံ မှုနှစ်ဆယ့်လေးချက်က စပြီးဆွေးနွေးကြည့်မယ်။ ဆွေးနွေးတာတစ်ခုတည်း မဟုတ်ဘဲနဲ့ ဆွေးနွေးရင်းနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်တဲ့ လမ်းကြောင်းကို အစပျိုးချင်တယ်။
ဥပမာအားဖြင့် ပြည်နယ်တွေမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ပူးတွဲအုပ်ချုပ်ရေး ဘယ်လိုစတင်ပြီးတော့ ဦးဆောင်နိုင်မလဲဆိုတာ ဆွေးနွေးချင်တယ်။ ဒီအချိန်မှာ စစ်ရေးက အရမ်းကို ကျယ်ပြန့်နေတော့ ဒီနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိကြတယ်။
တချိန်ချိန်ကျလို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းလုပ်ဆောင်ပြီး ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ကို တည်ဆောက်ရင် ကောင်းမလဲဆိုတာ အပြန်အလှန် အမြင်ဖလှယ်ပြီး ဆွေးနွေးညှိနိုင်းမှုတွေ လုပ်နိုင်အောင် စဉ်းစားချက်တွေ ရှိပါတယ်။ ဒါက နှစ်ရက်တာရဲ့ ဆွေးနွေးချက်တွေရဲ့ အထင်ကရ အချက်အနေနဲ့ ပြောလို့ရတာပေါ့။
မေး စစ်ကောင်စီ NSPNC ၊ အပစ်ရပ်ထိုး ၆ ဖွဲ့နဲ့ နိုင်ငံရေးပါတီတို့ ပြီးခဲ့တဲ့ ဩဂုတ်မှာ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့တာရှိတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အပစ်ရပ်ထိုး မဟာမိတ် ၇ ဖွဲ့ရဲ့ အစည်းအဝေးမှာ ဆွေးနွေးဖြစ်ကြသေးလား၊ ဘယ်လိုမျိုးလဲ။ တကယ်လို့များ ရွေးကောက်ပွဲကို အပစ်ရပ်ထိုး EAOs တွေရဲ့ ထိန်းချုပ်နယ်မြေမှာ လုပ်လာခဲ့ရင် ဘယ်လိုမျိုး သဘောထားရှိမလဲ။
ဖြေ – ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံမှုရှိပါတယ်။ NSPNC နဲ့ကျွန်တော်တို့ ခြောက်ဖွဲ့နဲ့ တွေ့တယ်။ ညနေပိုင်းကျမှ သုံးပွင့်ဆိုင်ပေါ့။ နိုင်ငံရေးပါတီလည်း ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်တွေ ပြောတာလည်း မှန်ပါတယ်။
သို့သော်လည်း တကယ်ဆွေးနွေးတဲ့ အဆင့်တော့မဟုတ်ဘူး။ ညနေပိုင်းအချိန် တိုတိုလေးမှာ ပြောဖြစ်ဆိုဖြစ်တာလေးပဲ နားလည်မှုရှိပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်းပဲ နှစ်ရက်တာမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာမရှိဘူး။
သို့သော်လည်း အတွင်းရေးမှူးရဲ့ နိုင်ငံရေး အစီအရင်ခံစာမှာတော့ ပါပါတယ်။ အဓိက ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဟိုးအရင် ၂၀၂၂ NSPNC နဲ့တွေ့ဆုံတဲ့ကာလတုန်းက ရွေးကောက်ပွဲ လုပ်ဖြစ်ရင် မိမိတို့ထိန်းချုပ်နယ်မြေမှာပေါ့။ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆိုတာ အဲဒီလိုမျိုးနားလည်မှု ရှိပါတယ်။
အဲဒါလည်း 7 EAO Alliance တစ်ခုလုံးရဲ့ သဘောတူညီမှု မဟုတ်ပါဘူး။ဟိုး ၂၀၂၂ ကတည်းက တစ်ဖွဲ့ချင်းစီ သွားတွေ့တဲ့ ဆွေးနွေးမှုအပေါ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ကိုယ့်ရဲ့ထိန်းချုပ်နယ်မြေမှာတော့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိခဲ့တယ်ဆိုတာမှန်ပါတယ်။
သို့သော်လည်း ၂၀၂၂ အချိန်မှာထက် ၂၀၂၄ မှာ အများကြီးကွာသွားပြီ။ ရွေးကောက်ပွဲဆိုတာကတော့ ဒီမိုကရေစီ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာတော့ လက်ခံတယ်။ ရွေးကောက်ပွဲတစ်ခု အတွက်ကလည်းပဲ အဓိကကျတဲ့ အခြေခံလိုအပ်ချက်ပါ။ တစ်အချက်က ပြည်သူလူထုရဲ့ ပူးပေါင်းပါ၀င် ဆောင်ရွက်မှုကလည်း အဓိကလိုအပ်ချက်လို့ နားလည်တယ်။ အဲဒီ ရွေးကောက်ပွဲအတွက် ဆိုရင်လည်း ဒေသတည်ငြိမ်ရေးကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
သို့သော် လက်ရှိကြုံတွေ့နေရတဲ့ ၂၀၂၄၊ ၂၀၂၅ မှာဖြစ်နိုင်ချေရှိတဲ့ အခြေအနေအရက ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုတို့၊ ဒေသတွင်း တည်ငြိမ်ရေးတို့ အဲဒါတွေက အခက်အခဲတွေ စိန်ခေါ်မှု တွေ ကြီးကြီးမားမား ရှိနေတဲ့ကာလမှာ လာဖြစ်တဲ့အတွက် ဒီအချိန်မှာ ရွေးကောက်ပွဲအတွက် ဖြစ်တာ မဖြစ်တာထက် အဲဒီ ရွေးကောက်ပွဲကနေ နောက်ထပ် မလိုလားတဲ့ ပဋိပက္ခတွေ၊ ပြဿနာ အကြပ်အတည်း ပိုဖြစ်လာမှာကိုလည်းပဲ စိုးရိမ်မှုရှိတယ် ဆိုတာကိုတော့ ပြီးခဲ့တဲ့ နှစ်ရက်တာမှာ အတွင်းရေးမှူးရဲ့ နိုင်ငံရေး အစီရင်ခံစာမှာ ဖော်ပြတာရှိပါတယ်။
နှစ်ရက်တာ အတွင်းမှာ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတာတော့ မလုပ်ခဲ့ပါဘူး။
မေး – နောက် ခြေဥပြင်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တချို့ ပုဒ်မတွေကို ပြင်ဆင်ဖို့ မူအနေနဲ့ သဘောတူခဲ့တာရှိတော့ အပစ်ရပ်ထိုး မဟာမိတ် ၇ ဖွဲ့ကရော ခြေဥပြင်ဆင်တဲ့အပေါ် ဘယ်လောက်အထိ အလုပ်ဖြစ်မယ်လို့ မြင်ပါသလဲ။
ဖြေ – ကျွန်တော်တို့အနေနဲ့ ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ အဲဒီလောက်အထိ ကြီးကြီးမားမား မစဉ်းစားခဲ့ပါဘူး။ ရည်လည်း မရွယ်ရည်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၁ ရက်နေ့မှာ ကျွန်တော်တို့ ခုနှစ်ဖွဲ့ Summit ချင်းမိုင်မှာ လုပ်ခဲ့တယ်။ အဲဒီတုန်းက PPST ပေါ့။ အဲဒီ ထိပ်သီး အစည်းအဝေးမှာ ထုတ်ပြန်တဲ့အတိုင်းပါပဲ။
လက်ရှိ မြန်မာနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူများအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုတာထုတ်ပြန်ခဲ့တဲ့အတိုင်းပဲ။ ပြောရမယ်ဆိုရင် SAC (စစ်ကောင်စီ) နဲ့လည်း ထိတွေ့ဆက်ဆံမှုလုပ်တယ်။
ဒါပေမဲ့ အပြင်မှာမြင်တဲ့ အမြင်တွေလည်း တစ်မျိုးဖြစ်ရင်ဖြစ်မှာပေါ့။ အားပေးအားမြှောက် ပြုနေတာလား စသည်ဖြင့် ဝေဖန် ကဲ့ရဲ့မှုတွေလည်း ရှိပါတယ်။ သဘောထားမတိုက်ဆိုင်တာတွေ အမြင်မတူတာတွေလည်း ရှိပါတယ်။ သို့သော် မိမိတို့ အနေနဲ့ SAC ရယ်လို့မှ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေပဲ ဖြစ်ဖြစ် အခြားအဖွဲ့အစည်းတွေနဲ့ ဖြစ်ဖြစ် တွေ့ဆုံနိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ထိတွေ့ဆက်ဆံသွားမယ်လို့ ပြောဆိုခဲ့တာ မှန်ပါတယ်။
ကျွန်တော်တို့ တွေ့ဆုံ၊ ဆက်ဆံမှုသည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ဘာတို့ အထိတော့ လောလောဆယ် မရည်ရွယ်၊ ရည်မှန်းချက် မရှိသေးပါဘူး။အဓိက ရည်မှန်းခဲ့တာက နိုင်ငံအတွင်းမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ သေကြေပျက်စီး မီးလောင်ဆုံးရှုံးမှုတွေ အခက်အခဲတွေကို ကျော်လွှားဖို့အတွက်က သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး တွေ့ဆုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လို အစပြုမှုနဲ့ လုပ်ဆောင်ရမလဲဆိုတာပဲ ကြိုးပမ်းဆောင်ရွက်ခဲ့တာပဲ ရှိပါတယ်။
မေး – လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ စစ်ရေးကျယ်ပြန့်လာနေတဲ့အပေါ် အပစ်ရပ်ထိုး မဟာမိတ် ၇ ဖွဲ့ဘက်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် ဘယ်လောက်အထိ ယုံကြည်ပါသလဲ။
ဖြေ – ယုံကြည်မှုရှိပါတယ်။ ၂၀၁၃၊ ၂၀၁၄ NCA ကို ညှိနိူင်းရေးဆွဲတဲ့ အချိန်ပေါ့။ အဲဒီ အချိန်က တိုင်းရင်းသားလက်နက်ကိုင်တွေ အကုန်လုံး မဟုတ်တောင်မှ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပဲ တူညီတဲ့ သဘောထားတွေ ရှိပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ နှစ် ၇၀ ကျော် ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေချင်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ချင်တယ်။ အဲဒီအပေါ်မှာ ဆန္ဒသဘောထားတွေ၊ နားလည်မှုတူခဲ့တာတွေ ရှိတယ်။
သို့သော် ဒီအချိန် နိုင်ငံရေးအခြေအနေ ပုံမှန်မရှိဘူး။ ရည်မှန်းချက်တွေတူရဲ့သားနဲ့ ဒီအချိန်မှာ လုပ်နည်းလုပ်ဟန်တွေ ကွဲပြားခြားနားမှု ရှိတယ်ဆိုတာက လည်းပဲ ဒါက ပကတိ အရှိတရား ဖြစ်တဲ့အတွက်ကြောင့် လက်ခံရမှာပဲ။7 EAO Alliance အနေနဲ့ သမိုင်းဖြတ်သန်းမှုအရ ကျွန်တော်တို့ ဒီလိုမျိုးနိုင်ငံရေး ဖြစ်ပေါ်လာတဲ့ အခက်အခဲ အကြပ်အတည်းကို စစ်ရေးနည်းနဲ့ ဖြေရှင်းလာတာလည်း နှစ်ပေါင်းတော်တော် ကြာလာပြီ။
သို့သော် မအောင်မြင်ခဲ့ဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာ တည်ဆောက်ပြီးတော့ လုပ်မှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ရနိုင်မယ်ဆိုတာ နဂိုကတည်းက သဘောတူ နားလည်မှုတွေ ရှိခဲ့တယ်။ လက်ရှိအချိန်ကတော့ အမျိုးမျိုးကွဲပြားနေပေမယ့် စိတ်ပျက်စရာတော့ မဟုတ်ပါဘူး။
ပုံမှန်အနေအထား မဟုတ်တဲ့ ဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ရည်ရွယ်ချက်တူပေမယ့် လုပ်ကိုင်တာ ခြားနားတာ နားလည်ပေးရမှာပါ။ ဒီနိုင်ငံရေး ပြဿနာဖြေရှင်းဖို့ ဆိုရင်တော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းမှာပဲ အဆုံးသတ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး စကားပြောရမယ်ဆိုတာ အဲဒီလိုပဲ ယုံကြည်မှုရှိတယ်။ အဲဒီလိုပဲ နားလည်မှုရှိပါတယ်။
အဲဒီ အတွက်ကြောင့် အခက်အခဲတွေ၊ ဝေဖန့် ကဲ့ရဲ့မှုတွေ ပြစ်တင်ရှုတ်ချမှုတွေ အများကြီး ရှိခဲ့တဲ့ကြားက တစ်စိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်