တနင်္သာရီ၊ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖအဖွဲ့ထံကနေ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ကျွဲထိန်းကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲထိန်းကုန်းကျေးရွာနေ အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မဖြူဇာအေးနဲ့ အသက် ၆၀ အရွယ် ဒေါ်စန်းသီတို့ဟာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်မှာပဲ သေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်ကြောင့် ဖြစ်တယ်လို့ တနင်္သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်က စစ် ကြောင်းသုံးခွဲပြီး စစ်ကြောင်းထိုးထားတဲ့အတွက် နေ့စဉ်နဲ့အမျှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ခြောက်မိုင်၊ ထုံတော်နဲ့ ဘန်လော၊ ညောင်ပင်ကွင်း၊ရေခမ်းချောင်းကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.