“ထိုင်းဆိုရင် အနည်းဆုံးက ၃၅ ဘတ် နဲ့ ၃၆ ဘတ်ကြား ရှိတာကိုး။ ကျွန်တော်တို့ဆီမှာဆိုရင် ၅၀၀၀ အထက်မှာ ရှိတယ်လေ။ ဒါက အနီးစပ်ဆုံး ထိုင်းပေါ့။ တရုတ်ဆိုရင်လည်း ဒီထက် နည်းနည်းဈေးပိုသေးတယ်။ အိန္ဒိယဆိုရင်လည်း နည်းနည်း ဈေးပိုတယ်။ ဘင်္ဂလားဒေ့ရှ် ဆိုရင်လည်း ပိုနေတာပဲ။ ဗမာပြည်ကပဲဆီက အသက်သာဆုံးဖြစ်နေတယ်” – စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦး
မြန်မာနိုင်ငံမှာ ဒေါ်လာလိုအပ်ချက်မြင့်မားနေတာကြောင့် စက်သုံးဆီ ဝင်ရောက်မှု နည်းပါးခဲ့ရာကနေ ရှားပါး ပြတ်လပ်တဲ့အထိ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ စစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာ စက်သုံးဆီ လုံးဝ ပြတ်တောက်သွားဖို့ မရှိဘူးဆိုပြီး ပြောဆိုထားပေမယ့် တကယ့်လက်တွေ့မြေပြင်မှာ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါသလဲ။
စစ်ကောင်စီက စက်သုံးဆီ သင်္ဘောတွေ မပြတ်ဝင်နေတယ်လို့ ဆိုပေမယ့် စက်သုံးဆီအရောင်းဆိုင် တချို့မှာ လက်ရှိအချိန်အထိ တန်းစီ ဝယ်ယူနေရတဲ့ အခြေအနေမှာရှိနေဆဲပါ။ အဲဒီလို အခြေအနေ ဖြစ်နေရတာ ဘာကြောင့်လဲ။ သီလဝါကနေ ဆီခွဲတမ်း မရရှိတဲ့အကြောင်းအရာတွေနဲ့ စက်သုံးဆီ ဈေးနှုန်းရဲ့ အနာဂတ်အလားအလာတွေနဲ့ ပတ်သက်လို့ မွန်ပြည်နယ်အခြေစိုက် စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။
မေး – လက်ရှိအချိန် မော်လမြိုင်မှာ စက်သုံးဆီတွေ ရရှိဖို့အတွက် တန်းစီနေကြရတုန်းပဲဆိုတော့ အဲဒါက ဘာကြောင့် ဖြစ်နိုင်မလဲ။
ဖြေ – အဓိက တန်းစီတယ်ဆိုတာက ခုနကပြောသလို အစိုးရက သီလဝါကနေသူရောင်းပေးတဲ့ ခွဲတမ်းက တကယ်တမ်း ဒီမှာသုံးစွဲသူ လိုအပ်တဲ့ဟာလောက် မလောက်တော့ လုဝယ်ရတာပေါ့။ ဥပမာ – ဆိုင်တိုင်းက ဆီလိုသလောက် မရောင်းပေးနိုင်ဘူး။
အများအားဖြင့်တော့မြို့ပေါ်မှာလူဦးရေများတော့ မြို့ပေါ်ကဆိုင်တွေက ရောင်းလို့မလောက်တော့ ဆိုင်တိုင်းက ဆီကို အပြည့်အဝ မရောင်းနိုင်ကြဘူး။ ဆီကုန်နေတဲ့ ဆိုင်က များတယ်။ ဆီရောင်းတဲ့ ဆိုင်တွေကလည်း နည်းလွန်းတော့ သုံးမလောက်ပဲ ဆီရတဲ့ ဆိုင်တွေမှာ တန်းစီရတယ်။ နောက်တစ်ခုက တချို့ကလည်း အလုပ်မလုပ်ဘဲ ဆီဝင်တန်းစီနေတာကနေ အလုပ်တစ်ခုလို ဖြစ်နေတယ်။
အခုဆိုရင် တကယ့် ဆီဆိုင်ရဲ့ ဈေးနှုန်းက တစ်လီတာကို အကြမ်းအားဖြင့် ပြောရရင် သုံးထောင့်သုံးရာ ရှိတယ်။ တကယ် အပြင်မှာ ရောင်းနေတဲ့ ဈေးနှုန်းတွေက ဥပမာ လမ်းဘေးဆိုင်တွေ တချို့သောရပ်ကွက်မှာ ရောင်းနေတဲ့ဆိုင်တွေကတော့ ငါးထောင်လောက်ရှိနေတယ်။ သူတို့အနေနဲ့ တစ်လီတာကို ၁၅၀၀ လောက်မြတ်တာပေါ့။ သူတို့ကတစ်နေကုန် သွားတန်းစီပြီးတော့ လုပ်နေတာပေါ့။
တစ်ရက်ကို သုံးလေးသောင်းလောက် ရှာလို့ရတဲ့ ဂွင်တစ်ခုဖြစ်နေတာပေါ့။ တချို့ကလည်း ဆီလိုအပ်ချက် မဟုတ်ဘဲနဲ့ သူ့ရဲ့ဝင်ငွေတစ်ခုအနေနဲ့ အလုပ်တစ်ခုလို သွားတန်းစီတယ်။ အဲဒီလိုမျိုးလည်း ဖြစ်နေတာ။
မေး – အဓိကက သီလဝါကနေ ဆီခွဲတမ်းမရတာ ဘာကြောင့်ဖြစ်မလဲ။ ဒေါ်လာ လိုအပ်ချက်ကြောင့်လား။
ဖြေ – ဒါကတော့ ရှင်းရှင်းလေးပါပဲ။ ဒေါ်လာပေးရင် လိုသလောက် ဝယ်လို့ရတယ်။ ဒါပေမယ့် ဒေါ်လာက ဘာကြောင့်မရနိုင်သလဲ ဆိုတာက ပြင်ပဒေါ်လာဈေးနဲ့ အစိုးရပေးတဲ့ဈေးနဲ့ လုပ်ငန်းရှင်တွေက မရောင်းနိုင်ဘူး။ အစိုးရသတ်မှတ်ဈေးနဲ့ ရောင်းနိုင်ဖို့ကတော့ အစိုးရပေးတဲ့ ဒေါ်လာဈေးနဲ့ ဝယ်မှပဲ အစိုးရပေးတဲ့ ဈေးနှုန်းနဲ့ ရောင်းလို့ရတာပေါ့။
ဒါကြောင့် အစိုးရစက်သုံးဆီ လုပ်ငန်းရှင်တွေ ဆီသွင်းတဲ့ ကုမ္ပဏီတွေကတော့ သူက ပြင်ပဒေါ်လာကို ဈေးနှုန်းနဲ့ ဝယ်ပြီးမှ ပြင်ပဈေးနှုန်းနဲ့ ရောင်းလို့မရတာ။ အစိုးရဈေးနှုန်းနဲ့ သတ်မှတ်ပြီး ရောင်းတဲ့အခါကျမှတော့ အစိုးရဆီက ဒေါ်လာရမှပဲ အစိုးရဈေးနှုန်းနဲ့ ပြန်ရောင်းလို့ ကိုက်တာပေါ့။
အဲဒါကြောင့် ဆီဝယ်ဖို့ကတော့ အစိုးရဆီက ဒေါ်လာပေးမှပဲ ဝယ်လို့ရတာကိုး။ အစိုးရပေးတဲ့ ဒေါ်လာက တစ်ခါတလေ နည်းနည်း နောက်ကျတာတို့၊ လိုရင်လိုတဲ့ အချိန်မှာ ချက်ချင်းမရတာလည်း ရှိတာပေါ့လေ။ အဲဒီလိုမျိုး ကြန့်ကြာတဲ့အခါမှာ နည်းနည်း ဆီတွေကတော့ ကြန့်ကြာတာပေါ့။
ဒီအခါမှာ အပြည့်အဝ မရောင်းချပေးနိုင်တာ ဖြစ်လာတာပေါ့။ တစ်ရက်တစ်ရက် ပုံမှန်လည်ပတ်နေတဲ့ ကားတွေက အစီးသုံးရာလောက် ရှိတယ်။ တစ်ရက်လောက် ဂျမ်းဖြစ်တာနဲ့ သီလဝါမှာ အစီးထောင်ကျော်လောက် ဖြစ်သွားတာပေါ့။ အစီးထောင်ကျော်ကို ဖြည့်ဖို့က တစ်ပတ် ဆယ်ရက်လောက် ဖြစ်သွားတာပေါ့။ အောက်ခြေမှာ ဆီတွေပြတ်လတ်သွားတော့ လူတွေက ပုံမှန်လည်ပတ်ဖို့ အဆင်မပြေတော့ တန်းစီကြတာပေါ့။
တချို့လုပ်ငန်းတွေဆိုရင် တစ်ရက်မှ ရပ်လို့မရတဲ့ အရာမျိုးရှိတယ်။ ဥပမာ ဆေးရုံတွေ၊ ကျောင်းတွေ၊ တခြားသောစီးပွားရေးလုပ်ငန်းတွေ ရပ်လို့မှမရတာ။ သာမန်သွားဖို့လာဖို့ အလည်လောက်ပဲဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေက ရပ်လို့မှမရတာ။ ဒါကတော့ဖြစ်မှာပဲ။
မေး – တကယ်လို့ စက်သုံးဆီကို အပြင်ဒေါ်လာ ပေါက်ဈေးနဲ့ ဝယ်ယူပြီး ပြန်လည် ရောင်းချခွင့် ပြုမယ်ဆိုရင် ဆီဈေးနှုန်းက ဘယ်လောက်ဖြစ်သွားနိုင်မလဲ။
ဖြေ – ဒါကတော့ အနည်းစပ်ဆုံး ပြန်စဉ်းစားကြည့်ရင် ထိုင်းဆိုရင် အနည်းဆုံးက ၃၅ ဘတ် နဲ့ ၃၆ ဘတ်ကြား ရှိတာကိုး။ ကျွန်တော်တို့ဆီမှာဆိုရင် ၅၀၀၀ အထက်မှာ ရှိတယ်လေ။ ဒါက အနီးစပ်ဆုံး ထိုင်းပေါ့။ တရုတ်ဆိုရင်လည်း ဒီထက် နည်းနည်းဈေးပိုသေးတယ်။ အိန္ဒိယဆိုရင်လည်း နည်းနည်း ဈေးပိုတယ်။ ဘင်္ဂလားဒေ့ရှ် ဆိုရင်လည်း ပိုနေတာပဲ။ ဗမာပြည်ကပဲဆီက အသက်သာဆုံးဖြစ်နေတယ်။
အသက်သာဆုံးဆိုတာကလည်း ခုနက အစိုးရပေးတဲ့ ဒေါ်လာကြောင့် ဈေးနှုန်းသက်သာတာပေါ့လေ။ တကယ်လို့ ပြင်ပပေါက်ဈေးနဲ့ပဲ ဝယ်ရမယ်ဆိုရင်တော့ ဆီရဲ့ဈေးနှုန်းကတော့ ၅၀၀၀ အထက်မှာပဲ ရှိတယ်။ အစိုးရသတ်မှတ်တဲ့ ဒေါ်လာ ဈေးနှုန်းနဲ့ ရောင်းပေးတဲ့ အခါကျတော့ ဆီဈေးက ၃၀၀၀ ကျော်ကျော် ဖြစ်နေတာပေါ့။ တကယ်တမ်း အစိုးရရဲ့ ရောင်းချခွင့်ပေးတဲ့ ဈေးနှုန်းက ၃၀၀၀ ကျော်ကျော်ပေါ့လေ။
တကယ်လို့ အစိုးရက လွှတ်လိုက်မယ်ဆိုရင် ဆီဈေးက ၅၀၀၀ ဝန်းကျင် ၅၀၀၀ အထက်မှာ ရှိနေမှာ။ ဒါကတော့ ပုံမှန်ဈေးပေါ့။ နည်းနည်းတော့ ပြဿနာလေးတွေ ရှိတာပေါ့လေ။ အစိုးရက ဝင်မကူတော့ဘူး။ လွှတ်လိုက်လို့ဆိုရင် ၅၀၀၀ ကျော်သွားမယ်။ သူရဲ့ effect တော့ အနည်းအကျဉ်းရှိတာပေါ့။
ဥပမာ – ဆီက တစ်ချက်တည်း ခုန်တက်သွားရင် တခြားသော ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာမျိုးပေါ့။ နောက်တဖြည်းဖြည်းနဲ့တော့ ပြေလည်သွားမှာပါ။အစိုးရကလည်း ဝန်နိုင်တဲ့ အခြေအနေရှိတော့ ထိန်းနိုင်တာပေါ့။
မေး – စက်သုံးဆီဈေးက လက်ရှိမှာ အခြေအနေ မကောင်းဘူးဆိုတဲ့ အနေအထားဖြစ်နေတော့ နောက်မကြာခင်မှာ ဘယ်လိုအနေအထား ဖြစ်နိုင်မလဲဆိုတာကို သုံးသပ်ပေးပါဦး။
ဖြေ – အစိုးရမှာငွေတွေ ဘယ်လောက်ရှိလဲ။ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။ ဆက်ပြီးတော့ ထိန်းသွားနိုင်မလဲ ဆိုတာပေါ့။ Information တွေကတော့ လက်လှမ်းမမှီသေးဘူး။ အဓိကကတော့ ဒေါ်လာနဲ့ ဝယ်ရတာကိုး။ ဒေါ်လာက ကျွန်တော်တို့ဆီမှာ ဘယ်လောက် လွယ်ကူမလဲ။
အစိုးရက ဒီတိုင်းပဲ ဘယ်လောက်ကြာကြာ ဆက်ထိန်းနိုင်မလဲ။ အကယ်၍ ဆက်မထိန်းသွားဘူး ဆိုရင်လည်း တဖြည်းဖြည်းချင်း ဒေါ်လာဈေးကို မြှင့်လိုက်မှာပေါ့။ နောက်ဆုံး သူရောင်းသွားတာက တစ်ဒေါ်လာကို ၃၄၀၀ ကျော်ကျော်လောက် အကယ်၍ လက်ရှိဒေါ်လာပေါက်ဈေးက ၅၅၀၀ လောက်ရှိတော့ ၃၄၀၀ နဲ့ အထက် ၄၀၀၀ နဲ့ ရောင်းပေးမယ်။ ဒါကလည်း ကောင်းတာပေါ့။ ဆီဈေးက နည်းနည်းသက်သာသေးတယ်။
အကယ်၍ သူ လုံးဝ မရောင်းတော့ဘူး။ ကြိုက်တဲ့နေရာမှာ ဒေါ်လာဝယ် ဆိုပြီးတော့ ဆိုရင်တော့ ဆီဈေးက တစ်မျိုးသွားမှာပေါ့။ ဘယ်အထိသွားမလဲ။ ဘယ်လောက်ဆက်သွားမလဲ ဆိုတဲ့ သတင်းအချက်အလက်ကတော့ ကျွန်တော်တို့မှာ မရနိုင်ဘူး ။တော်တော်လေးကို အလှမ်းဝေးနေပါသေးတယ်။
ကျေးဇူးတင်ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media