သံတွဲ၊ စက်တင်ဘာ ၇

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စခန်းကြီးဖြစ်တဲ့ ရေတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က စက်တင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာကြားရှိ စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် ရေတပ်ပင်မရေငုပ်နဲ့ ဆယ် ယူရေးတပ်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာပါ။

အဲဒီရေတပ်စခန်းမှာ သင်တန်းဆင်းလာတဲ့ တပ်သားသစ်တွေအပါအဝင် စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိပြီး စစ်ကောင်စီက ခုခံစစ်အဆင့်ဆင့်ကို လေကြောင်းနဲ့ ရေကြောင်း ပစ်ကူအများအပြားနဲ့ ခုခံခဲ့ပေမယ့် AA ရဲ့ ဗျူဟာမြောက် ထိုးစစ်အောက်မှာ တစ်လအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းနဲ့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ စခန်းတွေ စွန့်လွှတ်ကျရှုံးတဲ့အခါတိုင်း ပြုလုပ်လေ့ရှိတဲ့ အရပ်သားပြည်သူတွေကို လက်နက်ကြီးလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာနဲ့ စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ AA က ဆိုပါတယ်။

အလားတူ မောင်တောမြို့မှာလည်း စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက် ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ချင်ပြည်နယ် ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်ကိုးခုနဲ့ တောင်ပြိုလက်ယာ၊ ကမ်းထောင်းကြီး၊ မအီ၊ ကျိန္တလီစတဲ့ မြို့နယ်ခွဲတွေပါ သိမ်းပိုက်ထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.