ဘန်ကောက်၊ စက်တင်ဘာ ၇

ဆူရတ်ဌာနီပြည်နယ်က မြန်မာဘာသာစကား သင်ကြားနေတဲ့ တရားမဝင် စာသင်ကျောင်း ၆ ကျောင်းကို ထိုင်း ပညာရေးဝန်ကြီးဌာနက ပိတ်ခိုင်းလိုက်ပြီးနောက် အခြားပြည်နယ်တွေမှာလည်း အလားတူ ကျောင်းတွေ ရှိ မရှိ စစ်ဆေးကြဖို့ ဒေသဆိုင်ရာအရာရှိတွေကို ညွှန်ကြားလိုက်ပါတယ်။

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်ရှိ မေတ္တာရိပ် ဘမ်ကွမ်းကျောင်းမှာ ကျောင်းသားတွေ စုဝေးချိန်အတွင်း မြန်မာနိုင်ငံတော် သီချင်းနဲ့ ထိုင်းနိုင်ငံတော် သီချင်းတို့ သီဆိုနေကြပုံ ဗီဒီယိုဖိုင် တစ်ခု အွန်လိုင်းမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနထံ တိုင်ကြားစာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဆူရတ်ဌာနီပြည်နယ် ဘမ်ကွမ်းဒေသရှိ ပိတ်ထားတာတဲ့ ဘမ်ကွမ်း နည်းပညာကောလိပ်ပိုင် အဆောက်အဦမှာ အဲဒီ မြန်မာဘာသာသင်ကျောင်းကို တရားမဝင် ဖွင့်လှစ်ထားတာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

တိုင်စာ လက်ခံ ရရှိပြီးနောက် ပညာရေးဝန်ကြီးက အလားတူ ကျောင်း ၆ ကျောင်းကို ပိတ်ခိုင်းလိုက်ပြီး တခြားပြည်နယ်တွေမှာလည်း အလားတူ ကျောင်းတွေ ရှိမရှိ စစ်ဆေးကြဖို့ ဒေသဆိုင်ရာ အရာရှိတွေကို ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဆူရက်ဌာနီ ပြည်နယ် လက်ထောက် အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ မြန်မာဘာသာသင် ကျောင်းဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ထားတာ တော်တော်ကြာပြီလို့ သိရပါတယ်။

ပြည်နယ် ပညာရေးရုံးက အဲဒီကျောင်းကို ပိတ်သိမ်းဖို့ ၂၀၂၂ ခုနှစ်က ညွှန်ကြားခဲ့ပြီး နောက်ပိုင်းမှာလည်း ဆက်ဖွင့်ထားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကြားထားပြီး အဲဒီကျောင်းမှာ မြန်မာ ကျောင်းသား ၁၂၅၀ မှတ်ပုံတင်ထားကြောင်း ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

ပြည်နယ် ပညာရေးရုံးက တရားမဝင် ဖွင့်ထားတဲ့ ကျောင်းတွေကို နှိမ်နှင်းရေး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို တိုက်တွန်းထားပါတယ်။ မေတ္တာရိပ် အပါအဝင် မြန်မာဘာသာသင်ကျောင်း ၆ ကျောင်းစလုံးကို ပိတ်ခိုင်းလိုက်ပြီ ဖြစ်ကြောင်း ထိုင်းပညာရေး အရာရှိတွေက ပြောပါတယ်။

အဲဒီကျောင်းနဲ့ ဆက်စပ်နေတဲ့ ဝန်ထမ်းတွေရဲ့ ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်ခွင့်တွေကိုလည်း အစိုးရအေဂျင်စီတွေက စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အလုပ်သမား ကာကွယ်ရေးကွန်ရက်က ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ကို ကန့်ကွက်ပြီး မြန်မာကလေးတွေဟာ မိခင်နိုင်ငံမှာ နေစရာ မရှိကြတော့တာကြောင့် သူတို့ကို ထိုင်းအစိုးရက ခိုလှုံစရာ ပေးသင့်တယ်လို့ ပြောဆိုထားပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.