ဝါရှင်တန်၊ စက်တင်ဘာ ၆

အမေရိကန် အစိုးရရဲ့ လေ့လာချက်တွေအရ ဂါဇာ ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်အလက် ၉၀ ရာခိုင်နှုန်းကို အစ္စရေးနဲ့ ဟားမာ့စ်တို့ သဘောတူထားကြပြီ ဖြစ်ပြီး သဘောတူညီမှု အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရေး နှစ်ဖက်စလုံးကို တိုက်တွန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

သဘောတူညီမှု တစ်ရပ် ရရှိရေး မျှော်လင့်ပြီးတော့ လာမယ့်ရက်တွေမှာ အမေရိကန်က အီဂျစ်နဲ့ ကာတာနိုင်ငံတို့ကတဆင့် နောက်ထပ် အိုင်ဒီယာတွေ တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက Fox News သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သဘောတူညီမှု ၉၀ ရာခိုင်နှုန်း အသင့်ဖြစ်နေပြီ ဆိုတဲ့ ပြောဆိုချက်ကို ပယ်ချပြီး အဲဒီလောက် မနီးစပ်သေးဘူးလို့ ပြောဆိုသွားပါတယ်။

ဒါပေမဲ့ ဘလင်ကန်က ကျွန်တော် မြင်တွေ့ခဲ့ရတာကို အခြေခံပြီး ပြောရရင် ၉၀ရာခိုင်နှုန်းလောက် သဘောတူထားပြီလို့ ပြောလို့ရမယ် ထင်ပါတယ်လို့ ဟေတီ ခရီးစဉ်မှာ ပြောကြားပါတယ်။

လာမယ့် ဇန်နဝါရီလမှာ သမ္မတ ဘိုင်ဒန် အိမ်ဖြူတော်က မထွက်ခွာခင် ဂါဇာ အပစ်ရပ်ရေး သဘောတူညီမှု ရရှိနိုင်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောဆိုထားတာပါ။

ဒါပေမဲ့ ဂါဇာနဲ့ အစ္စရေး နယ်စပ်မှာ အစ္စရေးတပ်ဖွဲ့ဝင်ကို တချို့ ဆက်လက် ထားရှိမယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောဆိုထားမှုနဲ့ ပတ်သက်လို့ နှစ်ဖက် သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

အာရပ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်စေဖို့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောထားတဲ့ ဝန်ကြီးချုပ် နေတန်ညာဟု အနေနဲ့ ဆော်ဒီအာရေးဗီးယားနဲ့ သဘောတူညီမှု တစ်ရပ် ရယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အစ္စရေးတောင်ပိုင်းကို ဟားမာ့စ်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ဓားစာခံတွေ အများအပြား ဖမ်းဆီးသွားတာကြောင့် အစ္စရေးက ဂါဇာရှိ ဟားမာ့စ် လက်နက်ကိုင်တွေကို ရှင်းလင်းဖို့ စစ်ဆင်ရေးတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် ဂါဇာမှာ အရပ်သား သေဆုံးမှု အများအပြား ရှိခဲ့ကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သန်းနဲ့ချီ ရှိလာပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိစေဖို့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.