မကွေး စက်တင်ဘာ ၆

မကွေးတိုင်း မြိုင်မြို့နယ်က လက်ယက်မရွာကို စစ်ကောင်စီကလေကြောင်းနဲ့ တိုက်ခိုက်လို့ ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ​သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက စက်တင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီ ၅၇ မိနစ်မှာ ဂျက်ဖိုက်တာ နဲ့ နှစ်ကြိမ် ဗုံး လေးလုံးကြဲပြီး၊ စက်သေနတ်နဲ့ ၃ ကြိမ်ပစ်ခတ်သွားတာလို့ သိရပါတယ်။

“တိုက်ပွဲမရှိဘဲနဲ့ ပြည်သူတွေ စစ်ရှောင်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်သွားတာ။ မိသားစုငါးယောက်မှာ ဖအေကြီး တစ်ယောက်ပဲ ကျန်တယ်။အကုန်သေတာပဲ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲ​ဖြစ်ပွားခြင်း မရှိဘဲ စစ်ရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ပစ်ခတ်တာကြောင့် စာသင်ကျောင်းဘေးကနေ အိမ်တွေကို ထိမှန်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဆယ်တန်းဖြေဆိုထားတဲ့ အရွယ်မရောက်သေးသူတစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ် ဘန်ကောက်စစ်ရှောင်စခန်းနဲ့ နမ့်ခမ်းက စစ်ရှောင်စခန်းတွေကိုလည်း စက်တင်ဘာလ ၅၊ ၆ ရက်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ၁၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပါတယ်။

သတင်း – သံလွင်းတိုင်းမ်
ဓာတ်ပုံ – We Love Myaing
ပုံစာ – ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ လက်ယက်မရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.