မော်လမြိုင် ၊ စက်တင်ဘာ ၇

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီ ဖွဲ့စည်းပေးလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာနဲ့ မားဖီးယားဂိုဏ်းသဖွယ် ထင်တိုင်းကြဲမှုတွေရှိနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩ ဂုတ် ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီးနောက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအထိ ဖွဲ့စည်းလာတာပါ။

မော်လမြိုင်မြို့မှာ စစ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေမှာ စစ်တပ် လက်သပ် မွေးထားတဲ့ လူဆိုးလူမိုက်တွေ၊ တပ်ထောက်ခံသူတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အမျိုးသားရေးအဖွဲ့တွေက အများဆုံးပါဝင်ပြီး ရပ်ကွက်ကျေးရွာတစ်ခုလျှင် အနည်းဆုံးအင်အား ၁၅ ဦးထက်မ နည်း ပါဝင်တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီဟာ ဒီအဖွဲ့ဝင်တွေကို အရင်ကတည်းက လုံခြုံရေးနဲ့ကင်းလှည့်တဲ့ နေရာတွေမှာ နေ့စားအငှားနဲ့ အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေထဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

မြို့ခံတစ်ဦးကတော့ စစ်ကောင်စီက ဖွဲ့စည်းပေးလိုက်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဟာ နယ်မြေအပိုင်စားရထားတဲ့ပုံစံနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေပြီး မားဖီးယားဂိုဏ်းဆန်ဆန် ဖြစ်နေတဲ့အတွက် အားလုံးကြောက်နေရတယ်လို့ ပြောပါတယ်။

“ပြည်သူ့လုံခြုံရေးနဲ့ လက်နက်တပ်ဆင်ရေးက ဖွဲ့လိုက်ပြီးဆိုတော့ ဒီကောင်တွေက ညကျရင် မွှေချင်တဲ့ အိမ်မွှေတယ်။ လမ်းပေါ်မှာ လုပ်ချင်ရာလုပ်တယ်။ သူတို့လာရင် လမ်းမဖယ်ပေးရင် ကားပေါ်ကနေ အော်ကြီးဟစ်ကျယ်ဆဲတယ်။ ပြဿနာရှာတယ်။ နယ်မြေအပိုင်စားရထားတဲ့ ပုံစံမျိုးပေါ့။ သူတို့လာရင် ဖယ်ပေးရတယ်။ သူတို့ကို စေ့စေ့ကြည့်ရင်တောင်မှ ဘာကြည့်တာလဲလို့ မားဖီးယားဂိုဏ်းတွေလိုပေါ့။ ဂိုဏ်းစတားဆန်ဆန်ပေါ့၊ သူတို့ကို အကုန်ကြောက်နေရတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဟာ မော်လမြိုင်မြို့မှာ ထင်တိုင်းကြဲနေတဲ့အတွက် ဒေသ ခံတွေဟာ ည ၈ နာရီ နောက်ပိုင်း နေအိမ်အပြင်မထွက်ရဲတော့သလို ဈေးဆိုင်တွေကအစ အစော ကြီး ပိတ်သိမ်းတာတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မော်လမြိုင်မြို့ဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံ ရေးအဖွဲ့ တွေက ပြည်သူတွေအပေါ် အခုလိုအနိုင်ကျင့်ဗိုလ်ကျနေတာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီရဲ့ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို ဖော်ထုတ်စိစစ်ပြီး ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ကလည်း ဒီစစ်ကောင်စီ သက်ဆိုးရှည်စေမယ့် လုပ်ရပ်မျိုး၊ အပြုအမူမျိုး၊ နောက်ပြီးတော့ အခုဖွဲ့စည်းမယ့် ပြည်သူ့လုံခြုံရေးဆိုတဲ့အဖွဲ့ကို ပါဝင်ကူညီတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို စိစစ်ဖော်ထုတ်သွားပြီးတော့ ပြတ်ပြတ်သားသားအရေးယူဖို့ ကျွန် တော်တို့ လုပ်ဆောင်ထားတာတွေ ရှိပါတယ်လို့ ဒီကနေ့ကျွန်တော်ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက ကျန်မြို့နယ်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ဖိအားပေးတာတွေရှိနေပြီး အဲဒီထဲမှာ သူတို့ထိန်းချုပ်ထားတဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်နဲ့ မုဒုံမြို့နယ်တို့မှာ ဖွဲ့စည်းထားပြီလို့ သိရပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာပါဝင်သူတွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းကယ်ဆယ်ရေးတာ ဝန်တွေလည်း ပေးအပ်ဖို့ စီစဉ်ထားတာပါ။

ဒါ့အပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပူးပေါင်းပါဝင်သူတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မွန်လူမျိုးကိုယ်စားပြု တော်လှန်ရေးအဖွဲ့ လေးဖွဲ့က စက်တင်ဘာပထမအပတ်အတွင်း သတိပေးစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.