ဖာပွန်၊ စက်တင်ဘာ ၇

တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေ ဝိုင်းဝန်းရံပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း ရိက္ခာပို့ဆောင်ရာမှာ လေကြောင်းကိုသာ အားထားနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့ KNDO၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သလို တိုက်ပွဲတွေ အ တွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာတွေရှိပေမယ့် KNLA KNDO တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ဘက်က ထိခိုက်မှုမရှိဘူးလို့ KNU က ဆိုပါတယ်။

ဒါ့အပြင် KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေအ တွက် ရိက္ခာပို့ဆောင်ရာမှာ လေကြောင်းကိုသာအားပြုပြီး ပို့ဆောင်နေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါ တယ်။

လက်ရှိမှာလည်း ဖာပွန်စစ်ဗျူဟာအပါအဝင် ကျန်ရှိတဲ့ တပ်ရင်းတပ်စခန်းတွေရဲ့ အဝင်အထွက်နေရာတွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်ဝိုင်းရံပိတ်ဆို့ထားတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး တဲ့နောက် ဖာပွန်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီဗျူဟာအပါအဝင် တပ်ရင်းဌာနချုပ်တို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တပ်ရင်း ၃ ရင်းကို သိမ်းပိုက်ရရှိခဲ့ပြီး ကျန်ရှိနေတဲ့ ဗျူဟာနဲ့ တပ်ရင်းတို့ကို ဆက်လက်ဝိုင်းရံပိတ် ဆို့လျက်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဖာပွန်မြို့အထက်ဘက်နားက စစ်ကောင်စီတပ်ရဲ့ ခေါပုတ်တပ်စခန်းကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ က ဝိုင်းရံထားနေပြီး အဲဒီခေါပုတ်တပ်စခန်းထဲမှာ နယ်စပ်အနီးက စခန်းစွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင် စီတပ်ဖွဲ့တွေ စုဖွဲ့နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဖာပွန်ခရိုင်နယ်မြေထဲမှာ အခုနှစ်အတွင်း စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေးမှု အများအပြားရှိခဲ့ပြီး ထိုင်းနယ်စပ် သံလွင်မြစ်တစ်လျှောက်က စစ်ကောင်စီတပ်စခန်းအားလုံးကိုလည်း တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.