နမ့်ခမ်း၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် အပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲအချိန်ခန့်မှာ နမ့်ခမ်းမြို့ရှိ အရပ်သားပြည်သူတွေကို ဦးတည်ကာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချသွားခဲ့တာပါ။

ဗုံးကြဲမှုကြောင့် နမ့်ခမ်းမြို့ ညဈေးအနီးရှိ အရပ်သားပြည်သူနေအိမ်နဲ့ ကျားဖြူခမ်းမအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးနှစ်ဦး၊ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်မှာလည်း သီပေါမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ တစ်ဖက်သက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့ဟာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး အခုလို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ အသိပေးထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ TNLA အုပ်ချုပ်နေတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့ရှိ အရပ်သား ပစ်မှတ်တွေကို ဦးတည်ကာ လူအများအပြားသေစေနိုင်တဲ့ ပေါင် ၅၀၀ နဲ့ နေ့စဉ် လာရောက် ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ TNLA က ဆိုပါတယ်။

သံလွင်တိုင်းက ပြုစုထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ နှစ်လကျော် ကာလအတွင်း ရှမ်းမြောက်က မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.