“စစ်ကြောင်းထိုးနေတဲ့ ရွာတွေတော်တော်များများ စစ်ရှောင်နေကြတယ်။ မရှောင်လို့လည်း မရဘူး။ မထင်ရင်ထင်သလို သူတို့မှာ လူသတ်လိုင်စင် ရထားသလိုမျိုး တောက်လျှောက် ပြုမူနေတယ်။ အရပ်သား ပြည်သူတွေလည်း သူတို့နဲ့ မတွေ့ရဲဘဲ တစ်ရွာလုံးနီးပါး နီးစပ်ရာ ရွာတွေမှာ စစ်ကြောင်းနဲ့ ဝေးတဲ့နေရာမှာ ရှောင်နေရတယ်” – လောင်းလုံးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယနေ့အချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာ၊ တော်လှန်တိုက်ခိုက်နေတာတွေ ရှိနေတဲ့ လောင်းလုံးမြို့နယ်မှာ အခုလတ်တလော စစ်တပ်ဘက်က စစ်ကြောင်း ထိုးတာတွေ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာသူ၊ ရွာသားတွေမှာ ဘေးလွတ်ရာကို ထွက်ပြေးကြရပါတယ်။

အခုလတ်တလော လောင်းလုံးဘက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုအခြေအနေတွေ ဘယ်လိုရှိနေလဲ။ စစ်ကောင်စီက ဘာကြောင့် တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတာမျိုး ဖြစ်မလဲ။ စစ်ကြောင်းတွေကြောင့် အရပ်သားတွေ သတ်ဖြတ်ခံနေရတာနဲ့ နေအိမ်မီးရှို့ခံရတဲ့ အခြေအနေတွေကရော ဘယ်လိုရင်ဆိုင်နေရလဲ။ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေ အကြောင်းကို လောင်းလုံးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးနဲ့ အခုလိုပဲ သံလွင်တိုင်းမ်က မေးမြန်းထားပါတယ်။

မေး – အရင်ဦးဆုံးအနေနဲ့ လောင်းလုံးဘက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး လှုပ်ရှား သွားလာနေတဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။

ဖြေ – အဓိကကတော့ လောင်းလုံးမြို့နယ်ဘက်မှာ စစ်ကြောင်းနှစ်ကြောင်း ဝင်နေတယ်။ ပထမစစ်ကြောင်းက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်ထဲက မောင်းမကန်ထဲကို ရောက်လာတာ။ မောင်းမကန် ရောက်လာတဲ့ စစ်ကြောင်းက အခုထိ သဘော့ဆိပ်နဲ့ ပြင်ကြီးရွာဘက်မှာ လှုပ်ရှားနေတုန်းပဲ။ အဲဒီဘက်က ရွာတော်တော်များများ သဘော့ဆိပ်၊ ပြင်ကြီး၊ မောင်းမကန်၊ ကျောက်ဆင်ဘက်က လူတွေ အကုန်စစ်ရှောင်နေကြတယ်။

သဘော့ဆိပ်ကမ်းခြေမှာ နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးတာ ခံရတယ်။ ပြီးတော့ သဘော့ဆိပ်ရွာ ဘုန်းကြီးကျောင်းမှာ ဖုန်း၊ ဆိုင်ကယ်တွေ ယူသွားတာ ရှိတယ်။ ပြီးတော့ ရွာသူရွာသားတွေကို ဖမ်းဆီးပြီး ဓားစာခံ ပုံစံမျိုးနဲ့ လုပ်ထားတာရှိပေမယ့် အဲဒီရွာသားတွေကို ပြန်လွှတ်ပေးတာရှိတယ်။ လက်ရှိအနေအထိ အဲဒီနေရာပတ်ဝန်းကျင်မှာ လှုပ်ရှားနေတုန်းပဲ။

ပြီးတော့ နောက်စစ်ကြောင်းတစ်ခုက ဩဂုတ်လ (၂၉) ရက်နေ့မှာ ထားဝယ်မြို့နဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းပေါ့။ ထားဝယ်မြစ်ပဲ ခြားထားတယ်။ အဲဒီမှာ ဝင်တဲ့စစ်ကြောင်းက ရေကြောင်းက ဝင်တာရယ် ကုန်းကြောင်းက ဝင်တာရယ် နှစ်ကြောင်းခွဲပြီးတော့ ရောက်လာတယ်။

စစ်ကြောင်းဝင်ပြီးတော့ သူတို့လုပ်နေကျအတိုင်း ရွာတွေမှာရှိတဲ့ ရိက္ခာတွေကို တောင်းရမ်းတာ၊ ခိုးယူတာရှိတယ် ။ အဲဒီ ရွာတွေက ပြန်ထွက်သွားတော့ ချောင်းကမ်းမှာရှိတဲ့ လှေနှစ်စီးကို ဖျက်ဆီးသွားတယ်။ စစ်ကြောင်းက ထွက်သွားတဲ့အခါမှာ ဖောင်းဦးပြင် ကျေးရွာဘက်ရောက်သွားတယ်။

ဖောင်းဦးပြင်တဝိုက်မှာ မီးရှို့တာတွေရှိတယ်။ သတင်းရသလောက်ကတော့ နေအိမ်ပေါ့။ သေချာတော့မသိသေးဘူး။ စစ်တပ်ရဲ့ ချန်နယ်တွေကတော့ စခန်းတစ်ခုမကဘူးပေါ့။

အဲဒီစခန်းတွေကို မီးရှို့တာရှိတယ်။ အဲဒီမှာ စခန်းတွေ တွေ့လို့ဆိုပြီးတော့ အနီးတဝိုက်က ရွာသားတွေ ကျွန်တော်တို့ အတည်ပြုလို့ရသမျှတော့ သုံးယောက်လို့ကြားတယ်။ သုံးယောက်ကို သူတို့ပစ်သတ်တာပေါ့ဗျာ။ ဒီလို အခြေအနေရှိတယ် ကြားတယ်။

မေး – ဩဂုတ်လ နောက်ဆုံးပတ်ကစပြီးတော့ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်က ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းပတ်ထိုးပြီး သွားလာနေတာ ဘာကြောင့်လို့ ထင်လဲ။

ဖြေ – ကျွန်တော့် အထင်ပြောရမယ်ဆိုရင်တော့ သူတို့ လက်ရှိလှုပ်ရှားနေတဲ့ပုံစံက ဥပမာ သဘော့ဆိပ်နဲ့ ခုနကပြောတဲ့ စခန်းကြီးရယ်ပေါ့။အဲဒီဘက်ကနေ အပေါ်ဘက်ကို ထိုးသွားရင် ရေနက်ဆိပ်ကမ်း ဧရိယာထဲမှာလည်း သူတို့ စစ်ကောင်စီတပ်သား အင်အား တော်တော်များများရှိနေကြတယ်ဆိုတော့ ရေနက်ဆိပ်ကမ်း ပတ်ဝန်းကျင်တလျှောက် နယ်မြေ ရှင်းလင်းရေး လုပ်ဖို့ ရည်ရွယ်ပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေသလားတော့ မသိဘူး။

ကျွန်တော်တို့လည်း သေသေချာချာ မသိရဘဲ အခြေအနေက ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ လောင်းလုံးဘက်မှာ အရင်က သူတို့စစ်ကြောင်းထိုးရင် တစ်ကြောင်းတည်း၊ဦးတည်ချက်တစ်ခုတည်းပေါ့။ နှစ်ခုခွဲသွားရင်တောင် ပြန်ပူးပေါင်းပြီးထိုးတာပေါ့။

အခုကတော့ နယ်မြေနှစ်ခုက နည်းနည်းဝေးတော့ သူတို့က ဦးတည်တာက ရေနက်ဆိပ်ကမ်းဧရိယာမှာ နယ်မြေရှင်းလင်းရေး လုပ်မယ် ဆိုပြီးနားလည်ရတယ်။

ပြီးတော့ နောက်တစ်ခုက သူတို့စစ်ကြောင်း၀င်လာတဲ့ အခြေအနေက ဘယ်လိုအခြေအနေမျိုးမှာ ဝင်လာသလဲဆိုရင် သဘော့ဆိပ်ဘက်မှာ လက်နက်ကိုင် အင်အားစုတွေက သွားလာလှုပ်ရှားနေတယ်လို့ သတင်းကြားတဲ့အခါ လောင်းလုံးနဲ့ ထားဝယ်ကြား လောင်းလုံလမ်းမထက်မှာ ရှိတဲ့ သဲပုံရွာရဲ့ တောင်ပေါ်မှာ သူတို့စစ်ကောင်စီ စခန်းရှိတယ်။ လက်နက်ကြီးနဲ့ လှမ်းထုတာ ရှိတယ်။ စစ်ကြောင်း မထိုးခင်မှာပေါ့။ ရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုပြီးမှ သူတို့စခန်းပြန်ဝင်သွားတာ တစ်ခုတော့ရှိတာပေါ့။

စစ်ကြောင်းထိုးဖို့အတွက် လက်နက်ကြီးနဲ့ အရင်လှမ်းထုတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြီးတော့ ဒီဘက်က ၂၉ ရက်နေ့ မှာ ဝင်တဲ့စစ်ကြောင်းက အဲဒီမတိုင်ခင်မှာ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိတယ်။ လက်နက်ကြီးကျည်ထိပြီးတော့ အဘွားတစ်ယောက်ဆုံးသွားတယ်။ ပြီးတော့မှ သူတို့စစ်ကြောင်းက ပြန်ဝင်လာတာ။ အဲဒီလိုမျိုးပါ။

မေး – တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းပတ်ထိုးပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်စီးတာတွေကို ပြုလုပ်လာတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ – လက်နက်ကိုင် အင်အားစုတွေကလည်း နေရာအနှံ့မှာရှိနေတယ်။ သူတို့ရဲ့ ထိန်းချုပ်နယ်မြေကို ခြိမ်းခြောက်နေတာရှိတယ်။ လက်ရှိသူတို့ထိန်းချုပ်ထားတဲ့ နေရာကို လုံခြုံဖို့ အတွက် စစ်ရေးထိန်းချုပ်တာမျိုးသူတို့ လုပ်မှာပဲ။

ကျွန်တော်တို့ဘက်က ဖြစ်စေချင်တဲ့ဟာက စစ်ကြောင်းထိုးတဲ့အခါမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်စည်းစိမ် ဖျက်ဆီးတာမျိုးတွေ၊ အရပ်သားပြည်သူတွေကို ဓားစာခံ ဖမ်းဆီးတာမျိုးတွေ၊ ပြည်သူတွေကို သူတို့ ထင်ရင်ထင်သလို ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးနှိပ်စက် တဲ့ဟာမျိုးကို ရပ်တန်းက ရပ်သင့်ပြီလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဘယ်ဥပဒေ ရှုထောင့်ကပဲ ကြည့်ကြည့် ဒါဟာ စစ်ရာဇ၀တ်မှု မြောက်တဲ့ ဖြစ်ရပ်တွေလို့ မြင်ပါတယ်။

မေး – စစ်ကောင်စီတပ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။ အဲဒါတွေကို ဘယ်လို ဖြေရှင်းနေလဲ။

ဖြေ – အခုလောလောဆယ်မှာ မိုးတွင်းလည်းဖြစ်တယ်။ မိုးကလည်းကြီးနေတော့ စစ်ဘေးရှောင် ပြည်သူတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်။ အခုအနီးတဝိုက် ပတ်ဝန်းကျင် သူတို့စစ်ကြောင်းထိုးနေတဲ့ ရွာတွေတော်တော်များများ စစ်ရှောင်နေကြတယ်။ မရှောင်လို့လည်း မရဘူး။ မထင်ရင်ထင်သလို သူတို့မှာ လူသတ်လိုင်စင် ရထားသလိုမျိုး တောက်လျှောက် ပြုမူနေတယ်။

အရပ်သား ပြည်သူတွေလည်း သူတို့နဲ့ မတွေ့ရဲဘဲ တစ်ရွာလုံးနီးပါး နီးစပ်ရာ ရွာတွေမှာ စစ်ကြောင်းနဲ့ ဝေးတဲ့နေရာမှာ ရှောင်နေရတယ်။ ချို့တဲ့တဲ့ အခြေခံ လူတန်းစားတွေမှာ သူတို့ရဲ့ ဆွေမျိုးတွေဆီ သွားဖို့လည်း အဆင်မပြေဘဲ အနီးပတ်ဝန်းကျင် ရွာတွေမှာ ဒီလိုပဲ ရှောင်နေကြရတယ်။ နည်းလမ်းပေါင်းစုံနဲ့ သူတို့ကို လူသားချင်းကူညီမှုတွေ ပေးတဲ့ ကျန်တဲ့ လူမှုကူညီရေးလုပ်နေတဲ့ သူတွေဆီကလည်း အကူအညီတွေ နိုင်သလောက်တော့ ပေးနေပါတယ်။

အခြေအနေကတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့ နီးတယ် ဆိုရင် နီးနီးနားနား ရွာတွေက စစ်ရှောင်ကြတယ်။ စစ်ကောင်စီ စစ်ကြောင်းက ရွာနဲ့ ခပ်လှမ်းလှမ်း ရောက်သွားပြီ ဆိုရင်တော့ ရွာထဲ ပြန်ဝင်ကြတာပေါ့။

အခုလောလောဆယ် ဝင်လိုက်ထွက်လိုက် လုပ်နေရတဲ့ ရွာတွေလည်း ရှိတာပေါ့။ မိုးတွင်းမှာ တော်တော်လေး အခက်အခဲ တွေများတာပေါ့။ တတချို့နေရာတွေဆိုရင် တစ်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပိတ်မိနေတော့ ရွာထဲက ထွက်လို့မရ၊ အခြေခံ စားသောက်ကုန်တွေ ဈေးကြီးပြီး ပြတ်လပ်နေတဲ့ စစ်ရှောင်တွေ ရှိတယ်လို့ ကြားရပါတယ်။ လူတွေမှာ ဘာမှ လုပ်ကိုင်စားသောက်လို့မရဘဲ ဒုက္ခရောက်နေကြပါတယ်။

မေး – အခုနောက်ပိုင်း ထားဝယ်ခရိုင်အတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေရော ဘယ်လို ရှိနေလဲ။

ဖြေ – လူ့အခွင့်အရေး ချိုးဖောက်ခံရတာကတော့ နေ့စဉ်ရက်ဆက်ပဲ။ ဘာ တရားဥပဒေမှမရှိတော့တဲ့ အခြေအနေမျိုးမှာ နေ့စဉ်ချိုးဖောက်ခံနေရပါတယ်။ စစ်ကောင်စီတပ်က အများ‌ဆုံး လူ့အခွင့်အရေး ချိုးဖောက်နေတာပေါ့။

ဒါပေမဲ့ တစ်ခါတလေတော့ ဒီဘက်က တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်။ ဘာတွေလည်းဆိုတော့ ဥပမာ – လူတစ်ယောက်ကို ယုံကြည်လို့ မရဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်ရေး မလုပ်ဘဲ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေနဲ့ ရွာက နှင်ထုတ်တာတွေ၊ ရွာကိုလာလို့ ဆိုပြီး ရိုက်နှက်တာတွေ ရှိတယ်။

နောက်တစ်ခုက ရပ်ထဲရွာထဲမှာ ခိုးဆိုးလုနှိုက်တာမျိုးတွေ ပြီးတော့ အမျိုးသမီးတွေ အပေါ်မှာ ကာယိန္ဒြေပျက်ပြားအောင်လုပ်တဲ့ဟာမျိုးတွေကို ကျွန်တော်တို့ ဒေသခံ ရွာသူ၊ ရွာသားတွေ ခံနေရတာပေါ့။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.