မကွေး စက်တင်ဘာ ၆

မကွေးတိုင်း ငဖဲမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ ၁၄ က ဗိုလ်ကြီး သေဆုံးပြီးနောက် ရဲနဲ့စစ်သားတွေကြားမှာ ယုံကြည်မှုပြိုကွဲနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

က.ပ.စ ၁၄ က ဗိုလ်ကြီးမျိုးကျော်သူဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က ပဒါန်း-အမ်း ကားလမ်းပေါ်မှာ PRA-Magway ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။

“အဓိကကတော့ ရဲတွေပါလာတဲ့ကားကျတော့ ဘာမှမဖြစ်ဘဲနဲ့ ဗ.က ပါတဲ့ ကားမှာမှ ဘာလို့ဒီလိုဖြစ်တာလဲဆိုပြီး သံသယပွားတယ်။ ပြီးတော့ တပ်တွင်းဖရဲသီးတွေ ရှိနေတယ်ဆိုပြီး စစ်သားအချင်းချင်းလည်း မယုံတော့ဘူး” လို့ က.ပ.စ ၁၄ နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်ကြီးမျိုးကျော်သူရဲ့ မိသားစုတွေဟာ နတ်ဗေဒင် သွားရောက်မေးမြန်းခဲ့ပြီး အတွင်းလူက လုပ်ကြံတာဖြစ်တယ်လို့ ဗေဒင်ရဲ့ဟောကြားချက်ကို တထစ်ချယုံကြည်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

“စပ်စီ(ရွာ)အထက်မှာ မျိုးကျော်သူ သေဆုံးပြီးတဲ့နောက် ဒီလိုမျိုးအချင်းချင်း မယုံကြည်မှု​တွေဖြစ်နေတယ်လို့ သိရတယ်။ ဖြစ်စဉ်ကတော့ ပထမဆုံးကားက လွတ်ပြီးတော့ ဗက ပါတဲ့ကားကျမှ တိုက်ခိုက်ခံရလို့ကြောင့်လို့ သိရတယ်။ ဒါက အတွင်းလူ ဖရဲသီးရှိနေတယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ကြဘူးလို့ ကြားသိရတယ်” လို့ ငဖဲဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

PRA-Magway ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးမျိုးကျော်သူဟာ ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးသွားပြီး ​နောက်စစ်ကောင်စီတပ်သားတွေက စပ်စီရွာသားတစ်ဦးကိုပစ်ခတ်သွားပါသေးတယ်။

အဲဒီ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ PRA-Magway က ၁၅ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် ဒေသခံတွေနဲ့ နာရေးကို သွားရောက်ခဲ့သူတွေရဲ့ ပြောကြားချက်အရ ၁၈ ဦးသေဆုံးတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်ကြီးမျိုးကျော်သူနေရာမှာ တာဝန်ယူမယ့်သူအစားထိုးရောက်ရှိလာခြင်းမရှိသေးဘဲ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ က.ပ.စ ၁၄ က ဗိုလ်ကြီးအောင်ဆန်းဦးကို နေပြည်တော် စစ်ဌာနချုပ်က ခေါ်ဆူခဲ့တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.