မကွေး စက်တင်ဘာ ၅
မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၁၅၀ ကျော်ရှိလာပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အရောင်းဆိုင်ဝန်ထမ်းတွေလည်း ပါဝင်နေတဲ့အတွက် အပြင်ထွက်ပြီး သွားလာသူမရှိသလောက် ဖြစ်သွားပြီလို့ သိရပါတယ်။
“သူတို့တောက်လျှောက်ဖမ်းနေတာ။ အိမ်ထဲမှာနေမကောင်းလို့ လဲနေတဲ့သူက အစ ဖမ်းတာ။ ဓာတ်ဆီဆိုင် ဝန်ထမ်းတွေရော အလုပ်သွားတဲ့လူတွေရော အကုန်ပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးပြီး အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ အများဆုံး ကျပ်သိန်း ၈၀ ဝန်းကျင်အထိ တောင်းခံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၅ ရက်နေ့မှာလည်း အမျိုးသမီးတွေကိုပါ ဖမ်းဆီးမယ်ဆိုတဲ့ သတင်းကြောင့် စျေးဆိုင်တွေအားလုံး ပိတ်ထားလိုက်ရပြီး လမ်းသွားလမ်းလာမရှိ ခြောက်ကပ်နေတယ်လို့ သိရပါတယ်။
“သူတို့က ယူနီဖောင်းမပါဘူး။ စစ်ကားနဲ့ မလာဘူး။ အိုးဝေနဲ့ လာရင်လာတယ်။ တစ်ခါတလေ သုံးဘီးနဲ့ လာတယ်။ အရပ်ဝတ်တွေနဲ့ပဲ သေနတ်လည်း မမြင်ရဘူး။ ပြီးခါမှသာ အနီးရောက်မှ ဆွဲကုတ်တာ” လို့ စလင်းဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ရွေးကြရပြီး ပိုက်ဆံမတတ်နိုင်တဲ့သူတွေကတော့ ပြန်လည်လွတ်မြောက်ခြင်းမရှိဘူးလို့ သိရပါတယ်။
စလင်းမြို့ပေါ်က ရပ်ကွက်တွေမှာလည်း နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးခံရသူတချို့ရဲ့ မိသားစုတွေဟာ KTV၊ ဘီယာဆိုင်(စားသောက်ဆိုင်) လိုနေရာမျိုးတွေမှာ သွားရောက်ရွေးကြရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက စလင်းမြို့နယ်မှာ လူအယောက် ၃၀၀ လျာထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI