မော်လမြိုင် စက်တင်ဘာ ၅
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်ကာ ဆိုးရွားပြင်းထန်တဲ့ ရာဇဝတ်မှုတွေ၊ နိုင်ငံတကာ စစ်ဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ အကြမ်းဖက်အုပ်စုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြည်သူအပေါ် သစ္စာဖောက်ဖျက်မှုတွေကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနဲ့ စစ်ရှောင်စခန်းနေ အရက်သားပြည်သူတွေကို လက်နက်မျိုးစုံနဲ့ ပစ်ခတ် သတ်ဖြတ်တာ၊ လေကြောင်းအင်အားသုံး ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ဒါ့အပြင် အကြမ်းဖက်အုပ်စုတဖြစ်လဲ စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်တွေ၊ အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူတွေကို စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုဖို့ ကြိုးပမ်းဆောင်ရွက်လာတယ်လို့လည်း ဆိုပါတယ်။
ဘက်ပေါင်းစုံက ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတဲ့အပြင် နိုင်ငံတော် အလုံးစုံပျက်သုဉ်းရေး ဦးတည်လုပ်ဆောင်နေတာ၊ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကို ထိခိုက်ပျက်စီးစေတာတွေကြောင့် အဲဒီ အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီကို တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း NUG က ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးယန္တရားတွေမှာ ပါဝင်ဆောင်ရွက်တာ၊ အားပေးကူညီမှုတွေကို ပြည်သူအပေါ် သစ္စာဖောက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ဖို့ ထောက်ခံအားပေးတဲ့ ရာဇဝတ်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ စီမံဆောင်ရွက်စေခိုင်းမှုတွေကို နည်းမျိုစုံနဲ့ ဆန့်ကျင်တွန်းလှန် တိုက်ပွဲ ဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီကို ထိရောက်ပြင်းထန်စွာ အရေးယူပေးဖို့လည်း NUG က ပန်ကြားထားပါတယ်။
သံလွင်တိုင်းမ်