ဖာပွန်၊ စက်တင်ဘာ ၅
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက စစ်ရှောင်ဒုက္ခသည်တွေဟာ လတ်တလောမိုးတွင်းကာလမှာ စားနပ်ရိက္ခာအတွက် အခက်အခဲများစွာကြုံနေရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ အခုလက်ရှိ မိုးရာသီကာလအတွင်းမှာ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် လမ်းနဲ့ တံတားတွေ ပျက်စီးသွားခဲ့သလို စစ်ဘေးရှောင်တွေဆီ စားနပ်ရိက္ခာတွေရောက်ရှိဖို့က အတော်ကို ခက်ခဲနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ရရှိတဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေလည်း လုံလုံလောက်လောက်မရရှိတဲ့အခါ နွေကာလတုန်းက တောတောင်ဥယျာဉ်ခြံထဲ လိုက်ရှာဖွေစားသောက်နေရတာဖြစ်ပေမယ့် အခုမိုးတွင်းကာလအတွင်း လိုက်လံရှာဖွေစားသောက်ဖို့က အခက်ကြုံနေရပါတယ်။
ဒါ့အပြင် ဖာပွန်တိုက်ပွဲကြောင့် ကျေးရွာတောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေ ၁၀၀၀၀ ဝန်းကျင်ထဲက ၆၀၀၀ ဦးဟာ နေရပ်ရွာကို လုံးဝမပြန်ရဲသေးဘဲ ဆက်လက်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ထားချက်အရ အခုနှစ်ဇွန်လအထိ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုဦးရေ ၉၀၀၀၀ နီးပါးရှိနေပြီး လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လက အသိပေးထုတ်ပြန်ထားပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ကျေးရွာနဲ့ လယ်ယာလုပ်ငန်းခွင်တွေအပေါ်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KNU ဖာပွန်ခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU