အင်းစိန်၊ စက်တင်ဘာ ၄

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရန်ကုန် အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အခြားအကျဉ်းသား အခန်းလူကြီးမှ အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

အင်းစိန်ထောင်အတွင်းရှိ ထောင်ဆေးရုံမှာ တီဘီရောဂါသမားတွေအတွက် ထားတဲ့အခန်းမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို ခေါ် မျိုးကြီးမှ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှ ခြိမ်းခြောက်ထိုးကြိတ်ပြီး အဓမ္မပြုကျင့်ခဲ့တာပါ။

အဓမ္မပြုကျင့်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟာ ပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာ ဖြစ်ပြီး ကျူးလွန်သူက ဇင်မျိုးကို ခေါ် မျိုးကြီးကတော့ ပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ အကျဉ်းသား အခန်းလူကြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ အဆောင်မှူး အောင်ကျော်ဆင့်ဟာ ကျူးလွန်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအတွက် ကျူးလွန်ခဲ့သူ အခန်းလူကြီး ဇင်မျိုးကိုအား ထိရောက်တဲ့ အပြစ်ပေး အရေးယူဆောင်ရွက်ခြင်း မရှိသလို မုဒိမ်းမှုဖြစ်ပွားတဲ့ သတင်းကို ဖုံးကွယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထောင်ပြင်ပနဲ့ အကျဉ်းထောင်အတွင်းမှာ မုဒိမ်းမှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းပေါက်ကြားပါက ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူ နှစ်ဦးစလုံးကို တိုက်ပိတ်အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အခန်းသူကြီး ကာကွယ်ပေးခဲ့တဲ့ အဆောင်မှူးအပါအဝင် အဲဒီကိစ္စမှာ ပူးပေါင်းပါဝင်ခဲ့တဲ့သူတွေနဲ့ သတင်းဖုံးထားပေးတဲ့ သူတွေဟာ သူတို့ရဲ့ ရာထူးအာဏာကို အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာအပြင် ရာဇဝတ်မှုကိုပါ ပူးပေါင်းပါဝင် ပတ်သက်နေတယ်လို့ PPNM ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဆောင်မှူး အောင်ကျော်ဆင့်ဟာ အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်ရဲ့ တပည့်အရင်း ဖြစ်ပြီး သူတာဝန်ယူအုပ်ချုပ်ခွင့်ရတဲ့ အဆောင်အတွင်း ငွေကြေးရယူကာ ရာဇဝတ်အကျဉ်းသားတွေကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရတဲ့ ရာထူးအာဏာ ပေးထားတယ်လို့ သိရပါတယ်။

အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်စွာ ဆက်ဆံတာ၊ ရိုက်နှက်တာ၊ ခြိမ်းခြောက်ငွေညှစ်တာအပြင် အခုလို မုဒိမ်းပြုကျင့်ခံရ အမှုတွေကို ဖုံးကွယ်ပေးခြင်းနဲ့ ထောင်တွင်းစီးပွားရှာဖွေနေတယ်လို့ PPNM က စုံစမ်းသိရပါတယ်။

အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးတွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြတဲ့ အကျဉ်းဦးစီးဝန်ထမ်း၊ လက်ပါးစေ လက်ကိုင်တုတ်တွေကို ထိရောက်တဲ့ အပြစ်ပေး အရေးယူတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.