တနင်္သာရီ၊ စက်တင်ဘာ ၄

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး PDF တွေထံမှာ လာရောက်ခိုလှုံခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ထံက သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်သားသစ် မင်းခန့်ဟာ ဟင်္သာတမြို့နယ် ဇရပ်ကွင်းအုပ်စုမှာ နေထိုင်သူဖြစ်ပြီး လမ်းခရီးတစ်ခုမှာ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီး စုဆောင်းခြင်းခံရပြီး စကက ၆ ဟင်္သာတမှာ ခြောက်လအကြာ သင်တန်းတက်ခဲ့ရပါတယ်။

အခြေခံစစ်ပညာတန်း တက်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့မှာ သင်တန်းဆင်းပြီး ကျွန်းစုမြို့နယ်အခြေစိုက် ခလရ ၁၀၁ တပ်ရင်းမှာ နှစ်လနီးပါး တာဝန်ထမ်းဆောင်ရာမှ တပ်သားသစ်အဖြစ် ရှေ့တန်းပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ တနင်္သာရီမြို့နယ် ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းအနီးကို စစ်ကြောင်းထိုးလာချိန် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တနင်္သာရီမြို့နယ် ပကဖထံ လာရောက်ခိုလှုံခဲ့တယ်လို့ တပ်သားသစ် မင်းသန့်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီက အသက်သွင်းပြီးကတည်းက အရပ်သားပြည်သူတွေကို မဲဖောက်ရွေးချယ်တာ၊ အိမ်တွေမှာ ပေါ်တာဝင်ဆွဲတာနဲ့ ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ချခံပြီး နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာစတဲ့ နည်းမျိုးစုံနဲ့ တပ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့ကလည်း ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၇ တပ်ရင်းမှ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တစ်ဦး မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံ ဆက်သွယ် အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တနင်္သာရီ ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.