နေပြည်တော် ၊ စက်တင်ဘာ ၅
စစ်ကောင်စီက အာရက္ခတပ်တော် AA အပါအဝင် ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာတာဟာ ရာဇဝတ်ဂိုဏ်းက အစိုးရတစ်ရပ်ဖြစ်နေသေးကြောင်း ပုံဖော်တာလို့ AA ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာခဲ့ပါတယ်။
ကြေညာခံရတဲ့အဖွဲ့တွေဟာ လမ်းတံတားတွေ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာ၊ လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ Drop Bomp တွေချပြီး တိုက်ခိုက်တာနဲ့ နိုင်ငံပိုင်အဆောက်အအုံပစ္စည်းတွေ ဖျက်ဆီးတာတွေကြောင့်လို့ စစ်ကောင်စီက ဆိုပါတယ်။
အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မြန်မာပြည်မှာ ရာဇဝတ်မှုမျိုးစုံ ကျုးလွန်နေတာ မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော်အမည်ခံ ရာဇဝတ်ဂိုဏ်းဖြစ်တယ်ဆိုတာ နိုင်ငံတကာကပါ သိပြီးသားကိစ္စလို့ ပြောပါတယ်။
“မြန်မာပြည်မှာ အကြမ်းဖက်မှု၊ ဒုစရိုက်မှု၊ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတာ မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော်အမည်ခံ ရာဇဝတ်ဂိုဏ်းဖြစ်တယ်ဆို မြန်မာတပြည်လုံး သိသလို နိုင်ငံတကာကလည်း သိပြီးသားကိစ္စဖြစ်တယ်။ တဖက်မှာ အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ စစ်ရေးအရ ရှုံးနိမ့်မှုတွေ၊ သံတမန်ရေးအရ ဝိုင်းပယ်ခံရမှုတွေ စတဲ့ အကျပ်အတည်းတွေနှင့် လူတောတိုးမရဖြစ်နေတဲ့အခြေအနေမှာ သူဟာ အစိုးရတရပ်ဖြစ်နေပါသေးတယ်ဆိုတာ ပုံဖော်ဖို့အတွက် အခုလိုကြေညာတာလည်း ဖြစ်နိုင်ပါတယ်”လို့ ဆိုပါတယ်။
AA ဟာ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ် မတ်လမှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ကာ ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်နေ့မှာတော့ အကြမ်းဖက်အဖြစ် ကြေညာထားတာကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။
ဒါပေမယ့် အခုအခါမှာ AA ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ပြန်လည်ကျူးလွန်လာခဲ့တဲ့အပြင် နိုင်ငံအတွင်း အခြေပြုပြီး နိုင်ငံတော်ကို အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာလို့ စစ်ကောင်စီက ဆိုပါတယ်။
တစ်ဘက်မှာ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ ဖြစ်ပေါ်လာတဲ့ ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးမှုကလည်း ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေခဲ့တာပါ။
စစ်ခေါင်းဆောင်ကတော့ MNDAA TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီးဖြစ်တာကြောင့် သူတို့နဲ့ ဆက်နွယ်နေသူတွေအနေနဲ့လည်း အကြမ်းဖက်မှုတွေကို အားပေးနေကြသူတွေဖြစ်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိစဉ် ထုတ်ပြောခဲ့ပါတယ်။
ဦးခိုင်သုခကတော့ “တရုတ်အစိုးရက ကြားဝင်စေ့စပ်ပြီး အပစ်အခတ်ရပ်ဖို့ကြိုးစားနေတာကို ဒီကြေညာချက်က (အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာမှု) နင်းခြေဖျက်စီးပြီးသား ဖြစ်နေပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီက လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပါတယ်”လို့ ပြောပါတယ်။
AA အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA ၊ TNLA တို့နဲ့အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီကို စစ်ကြေညာကာ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေကို စတင်ဆင်နွှဲခဲ့ပါတယ်။
အဲဒီ စစ်ဆင်ရေးကနေ အစပြုကာ လက်ရှိအချိန်ထိ AA က စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ ချင်းက မြို့ နှစ်မြို့ အပါအဝင် ရခိုင်ပြည်နယ်က မြို့အကြီးအသေး ၁၆ မြို့ကို လွတ်မြောက်နယ်မြေအဖြစ် သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
ဒါ့အပြင် ဆက်လက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ မြို့နယ်တချို့က တပ်စခန်းတွေကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်နေပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့ မြို့တော် စစ်တွေအပါအဝင် မြို့နယ် ၅ ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA