သံဖြူဇရပ်၊ စက်တင်ဘာ ၃

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲမှာ နှစ်ပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ နှစ်ပတ်အတွင်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာနဲ့ အောင်သာယာကျေးရွာတို့မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူတွေ ထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းကြောင့် ရဲတံခွန်ကျေးရွာက ဒေသခံအမျိုးသားသုံးဦး၊ အောင်သာယာကျေးရွာက ဒေသ ခံအမျိုးသားတစ်ဦးနဲ့ ဒေသခံအမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေဟာ မိသားစုဝမ်းရေးအတွက် တောထဲထင်းခုတ်သွားတာ၊ ဝဥသွားတာ၊ မှိုသွားနုတ်စဉ် မိုင်းထိခဲ့တာဖြစ်ပါတယ်။

မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေဟာ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲသွားဖို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးဖို့ လိုလားကြနေပါတယ်။

မြေမြှုပ်မိုင်းတွေ မကြာခဏ ပေါက်ကွဲနေတဲ့ အဲဒီကျေးရွာတွေဟာ စစ်ကောင်စီတပ်အပြင် တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းကာလအတွင်း ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ တစ်ကျော့ပြန် မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ UNICEF Myanmar ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အခုနှစ်ဝက်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၇၀၀ နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.