သီပေါ၊ စက်တင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မ တော် TNLA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်ဟာ ညောင်ကိုးပင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၅၂ နှစ်အရွယ် ဒေသခံဒေါ်စိန်ပွင့် ထိမှန်သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုံးစုံ(လီဆူ)ကျေးရွာက နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ဦးကျော်မြင့်ဟာ နောက်ကျော၊ ပခုံး၊ လက်နဲ့ မျက်နှာတွေမှာ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သီပေါမြို့မှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ထားတာ မရှိသေးပါဘူး။

သီပေါမြို့ကိုတော့ ဩဂုတ်လထဲမှာပဲ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ သီပေါမြို့မှာ စစ်ကောင်စီရဲ့ လက်နက် ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၂၂ ဦးသေဆုံးခဲ့ပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.