မကွေး စက်တင်ဘာ ၃

မကွေးတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်း ထောက်ပံ့ကြေးအတွက်​​ ပိုက်ဆံ တိုးကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၂ အတွက်ထောက်ပံ့ကြေးတွေကို မဲနှိုက်စဉ်က ကျပ် သုံးသောင်း လို့ပြောထားပေမယ့် လက်တွေ့မှာတော့ ကျပ် ငါးသောင်းအထိ တိုးကောက်နေတာပါ။

“အုပ်ချုပ်ရေးမှူးတွေက လူမပေးနိုင်တော့ ငွေပေးရမယ်ပြောတယ်။ စစ်တပ်နဲ့ လာတော့ အုပ်ချုပ်ရေးမှူးတွေက သုံးသောင်း၊ အခု သုံးသောင်းမရဘူး။ ငါးသောင်းလို့ပြောတယ်” လို့ စလင်းမြို့နယ် ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုဖြစ်စဉ်လိုပဲ ပွင့်ဖြူမြို့နယ်က ရေပုတ်ကလေးကျေးရွာမှာလည်း တစ်အိမ် ၄၀၀၀၀ ကျပ် ပေးရမယ်လို့ အုပ်ချုပ်ရေးမှူးတွေက ဆော်သြပြီးမှ ထောက်ပံ့ကြေး ကောက်တဲ့အခါ ၅၀၀၀၀ ကျပ်ဖြစ်သွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ မကွေး၊ ချောက်နဲ့ တောင်တွင်းကြီးမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးတာတွေလည်းပြုလုပ်နေပါတယ်။

သူတို့ ဖမ်းဆီးရမိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် တောင်တွင်းက​​ စစ်တပ်ဝန်းထဲကို ခေါ်ဆောင်သွားတာဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက ခရီးသွားလူငယ်​တွေကို ပစ်မှတ်ထားကာ ဖုန်းနဲ့ မှတ်ပုံတင်စစ်ဆေးပြီး ဖုန်းထဲမှာ VPN ပါရင် ဖမ်းဆီးတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေကို အချိန်မီသိရှိလို့ ငွေကြေးနဲ့ ရွေးထုတ်နိုင်ပေမဲ့ အချိန်မီ မသိရှိသူတွေ၊ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“သြဂုတ်လကုန်ပိုင်းက ပွင့်ဖြူကနေ ရန်ကုန်ကိုသွားတဲ့ မဲဇလီရွာက ကလေးတစ်ယောက် ပျောက်နေတယ်။ စလင်းကလည်း ကလေးတွေပျောက်တယ်။ လိုက်နေကြတုန်းပါပဲ။ ဘယ်မှာ အဖမ်းခံရတယ်မသိဘူး” လို့ ပွင့်ဖြူဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခရီးသွားလူငယ်တွေ ဖမ်းဆီးခံရတာဟာ မှန်လုံကားလေးတွေမှာ အဓိကဖြစ်ပြီးတော့ ဖမ်းဆီးခံရတဲ့အကြောင်းအရာနဲ့ ဘယ်မှာအဖမ်းခံရတယ်ဆိုတာကို ယာဉ်မောင်းတွေက အသိပေးတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

မကွေးတိုင်းအတွင်းက စလင်း၊ ပွင့်ဖြူ၊ မကွေးတို့မှာတော့ ညနေ ၆ နာရီကျော်လို့ အပြင်ထွက်ရင် ပေါ်တာဆွဲခံရမယ်ဆိုတဲ့ သတင်းတွေပြန့်နှံ့နေတာကြောင့် ဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.