ပေါင်၊ စက်တင်ဘာ ၄

မွန်ပြည်နယ် ပေါင်မြို့နယ် သဗြုချောင်ကျေးရွာဈေးအနီးမှာ အရက်ထိုင်သောက်နေတဲ့ လူငယ်လေးဦးကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ သဗြုချောင်ကျေးရွာ ဈေးအရှေ့လမ်းပေါ်မှာ လူငယ် ၁၀ ဦး အရက်ထိုင်သောက်နေစဉ် စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ရောက်ရှိလာတာကြောင့် လူငယ်တချို့ ထွက်ပြေးသွားတာပါ။

ထွက်ပြေးသွားတဲ့ လူငယ်တွေထဲက သဗြုချောင်ကျေးရွာနေ အသက် ၁၉ မောင်စူပါထောဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ညာဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် မထွက်ပြေးဘဲကျန်နေတဲ့ သဗြုချောင်းကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မောင်ကျော်ထက်ဦး၊ အသက် ၁၈ အရွယ် မင်းချမ်းမွန်၊ အသက် ၃၀ အရွယ် ကိုအောင်မင်းထွန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဖြစ်ကြောင်းနဲ့ ဖမ်းဆီးစဉ် လက်ပစ်ဗုံးတစ်လုံးနဲ့ WY မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ သဗြုချောင်ကျေးရွာ ဒေသခံတွေဖြစ်ပြီး စစ်တပ်လော်ဘီတွေ စွပ်စွဲသလို PDF အဖွဲ့တွေမဟုတ်ဘဲ သာမာန်အရပ်သားတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်တွေကို လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၂ ရက်နေ့ထုတ် အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.