“စစ်ကောင်စီဟာ လက်ရှိမှာ စက္ကူကျားသဘောဖြစ်သွားပြီ။ သီအိုရီအရ ကျဆုံးဖို့နီးသွားပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့က ကျားဖြစ်နေသေးတယ်။ ဆိုတော့ ပြည်သူကို ကိုက်နိုင်သေးတယ်။ ဒုက္ခပေးနိုင်သေးတယ်။ ဒါပေမဲ့ ကျဆုံးဖို့ မကြာတော့ဘူးဆိုတော့ တောင့်ခံထားဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်” – နိုင်ဒင်းပလဟံသာ (မွန်ပြည်ဖက်ဒရယ်ကောင်စီ)

မကြာသေးခင်က စစ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ လုံးဝမပါဝင် မပတ်သက်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနအပါအဝင် မွန်တော်လှန်ရေးသုံးဖွဲ့က သတိပေးတားမြစ်ချက် ပူးတွဲကြေညာခဲ့ပါတယ်။ ဒါက ဘာသဘောကို ဆောင်ပါသလဲ။

အဲဒီမွန်အဖွဲ့အစည်း ၃ ခုက အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့နဲ့ ပတ်သက်ပြီး ဘာကြောင့် အခုလိုမျိုး သတိပေးတားမြစ်ချက် ထုတ်ပြန်ရတာလဲ။ စစ်ကောင်စီဘက်မှာ တိုက်ခိုက်ရေးပိုင်းရော စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော ဘယ်လောက်တောင် ပြိုလဲနေပြီလဲ။ မွန်ဒေသတဝိုက်မှာရော စစ်ကောင်စီဘက်က ဘာတွေပြင်ဆင်တာတွေ ရှိနေသလဲ။ အဲဒီလို လှုပ်ရှားမှုတွေကို မွန်အဖွဲ့တွေဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတာတွေ သိရဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန၊ ဌာနမှူး နိုင်ဒင်းပလဟံသာနဲ့ သံလွင်တိုင်းမ်က အခုလိုမျိုး မေးကြည့်ထားပါတယ်။

မေး – အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြား အရပ်သားအမျိုးသားတွေကို လုံခြုံရေးကင်းစောင့်ခိုင်းမယ့် စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး ဘာကြောင့် ပြည်သူတွေကို သတိပေးတားမြစ်ချက် ထုတ်ပြန်ရတာလဲ။

ဖြေ – ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို မပါဝင်ဖို့ ဘာလို့ တားမြစ်ရသလဲဆိုရင် ကျွန်တော်တို့ သဘောထားက ပထမ စစ်မှုထမ်းဥပဒေ ထုတ်တာနဲ့ စချင်တယ်။ နောက်စစ်မှုထမ်းဥပဒေက သူတို့လိုချင်တဲ့ တပ်သား အဆင့်အထိ မရောက်ဘူးပေါ့။

ဘာလို့လဲဆိုတော့ သူတို့ တပ်သားတွေက တစ်နေ့ တစ်နေ့ လျော့နေတယ်။ တိုက်ပွဲမှာ ကျရှုံးတာတွေပါတယ်။ ရန်သူ့ တော်လှန်ရေးဘက်ကို လက်နက်ချတာတွေ၊ဒဏ်ရာရတာတွေ၊ တပ်ပြေးတွေလည်း ပါတာပေါ့။ဆိုတော့ သူတို့တပ်သားတွေက နည်းလာတာပေါ့။

နောက်ပြီးတော့ သူတို့ခံစစ်ရဲ့ သဘောက စစ်ကူမရှိဘူးဆိုရင် လက်နက်ရိက္ခာလာပို့တဲ့သူ မရှိဘူး။ ကျည်ဆံလာပို့တဲ့သူ မရှိဘူးဆိုရင် ရှေ့တန်းမှာ ကျန်နေတဲ့ တပ်က ရေရှည်မှာ ခုခံနိုင်မှာ မဟုတ်ဘူး။ သူတို့မှာ အရန်တပ်တွေ မရှိတော့ဘူး။ မကူညီနိုင်ဘူး။ ဒါကြောင့်မို့ မနေ့ တစ်နေ့က စုဆောင်းလာတဲ့ လူငယ်တွေကို သုံးတယ်။

အဲဒီ လူငယ်တွေကလည်း ကုန်သလောက် ဖြစ်နေပြီဆိုတော့ ၃၅ ကနေ ၆၅ အထိ ရွေးတဲ့အခါကျတော့ ပြဿနာအများကြီး ဖြစ်လာတယ်။ အဓိက တစ်ချက်က အဲဒီလူတွေကို သူတို့က တစ်လ စစ်သင်တန်းပေးမယ်။ သူတို့က နယ်မြေလုံခြုံရေးပဲ ဆိုပြီး ဘာညာပြောပေမယ့် သူတို့က ပြောတဲ့ အတိုင်းလုပ်တဲ့ အဖွဲ့မဟုတ်ဘူး။

ပထမ လုံခြုံရေး ဘာညာပြောပေမယ့် နောက်တော့ ထောက်ပို့တွေ ဘာညာ လုပ်ခိုင်းမှာပေါ့။ ထောက်ပို့တွေ လုပ်ပြီးပြီဆိုရင်လည်း နောက်ရှေ့တန်း ပို့ခံရတော့မှာပေါ့။ အဓိပ္ပါယ်က သူတို့ တစ်ဖက်လှည့်နဲ့ စစ်သားစုဆောင်းတာပေါ့။ သူတို့ရဲ့ ပြည်သူ့စစ် မဟာဗျူဟာ ပြောပြီး ရှေ့တန်းပို့မှာပဲ။

ပထမ ကင်းစောင့်ရပြီး နောက် ရှေ့တန်းပို့မယ်ပေါ့။ ကျွန်တော်တို့ အမြင်ပေါ့။ နောက်ပြီးတော့ မွန်ပြည်နယ်ထဲမှာရှိတဲ့ အသက် ၃၅ ကနေ ၆၅ လူတွေက အိမ်ထောင်ဦးစီးတွေ ဖြစ်ကြတယ်။ ပထမအချက်က သူတို့ကို ခေါ်ရင် သူတို့ရဲ့ အလုပ်တွေကို ထားခဲ့ရမယ်။ စီးပွားရေးကို ပစ်ထားရမယ်ဆိုတော့ အဆင်မပြေဘူး။ နောက် သွားရတော့ သားကွဲ၊ မယားကွဲ ဖြစ်ပြီးတော့ သေတာတို့ ဖြစ်လည်း ဖြစ်သွားနိုင်တယ်။

စစ်‌သင်တန်းတွေ သေချာ တက်ထားတဲ့သူတွေလည်း မဟုတ်ဘူး။ ရှေ့တန်းမှာ ပထမဆုံး ကျဆုံးမယ့်သူတွေအဖြစ် အခြေအနေများတာပေါ့။ ပြီးတော့ စီးပွားရေးတွေ လူမှုရေးတွေ ပျက်စီးပြီးတော့ စစ်အုပ်စုရဲ့ နောက်ဆုံး အသက်ဆက်တာဖြစ်နေတာလည်း ဖြစ်တော့ မကူညီဖို့တော့ လိုတာပေါ့။ အကြမ်းဖက် စစ်ကောင်စီ မြန်မြန်ကျဆုံးအောင် သတိပေးတားမြစ်ချက် ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

မေး – ဒီလိုမျိုး ဖော်ဆောင်လာရတဲ့အထိ စစ်ကောင်စီရဲ့ စစ်တပ်ဟာ အင်အားအရရော စိတ်ဓာတ်စွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ခေါင်းဆောင်မှုအပိုင်းမှာ ဘယ်လောက်အထိ အရေးနိမ့်လာနေပြီလို့ မြင်ပါသလဲ။

ဖြေ – အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တော်တော်လေး ကျဆင်းနေပြီဖြစ်တယ်။ အစုလိုက် အပြုံလိုက် လက်နက်ချတာတို့ အစုလိုက် အပြုံလိုက် တစ်ဖက်နိုင်ငံကို ထွက်ပြေးတာတို့ အစုလိုက် အပြုံလိုက် နောက်ဆုတ်တာတို့ စစ်ကူပို့လိုက်ရင်လည်း မရောက်တာတို့ပေါ့နော်။

နောက်ဆုံးဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်တဲ့ အောင်ဇေယျစစ်ကြောင်း ဆိုရင်လည်း ကျဆုံးသွားပြီ။ အဲဒါကို ကြည့်ရင် လက်နက်နဲ့ လေယာဉ် အသာစီးရနေသော်လည်း မအောင်မြင်ဘူး။ ဒါကိုကြည့်ရင် စိတ်ဓာတ် ဘယ်လောက် ကျရှုံးနေသလဲ သက်သေပြတယ်။ စစ်ဆိုတဲ့ သဘောက စိတ်ဓာတ်က အရေးကြီးတယ်။ တော်လှန်ရေးဘက်မှာဆိုရင် သူတို့ထက် လက်နက် အများကြီးနိမ့်ပါးပေမယ့် စိတ်ဓာတ်က အများကြီးသာတယ်။

စစ်အုပ်စုက တပ်သားတွေမှာ အဆင့်မြင့်လက်နက်ရှိပေမယ့် တိုက်ခိုက်လိုစိတ် မရှိတော့ အဲဒီလက်နက်က သုံးလို့မရဘူး။ စိတ်ဓာတ်မပါဘူး။ နိုးဆွမှု မရှိဘူးဆိုရင် ဘာမှအသုံးမဝင်ဘူး။ သူတို့က သူတို့ကို နေ့ညမပြတ် ပြည်သူက ဖိအားပေးနေတော့ တိုက်ခိုက်လိုစိတ် ပျက်သွားတာပေါ့။ သူတို့က တော်လှန်ရေးသမားတွေ သိမ်းထားတာကို နည်းနည်းလေးပဲ ပြန်လည်သိမ်းနိုင်တာ။

ရှမ်းပြည်မြောက်ပိုင်းမှာဆိုလည်း ရှုံးနေတယ်။ ရခိုင်နဲ့ ကချင်ဘက်မှာလည်း ရှုံးနေတယ်။ တိုက်ရည်ခိုက်ရည် မရှိတဲ့ သဘောပေါ့။ စစ်ဦးဆောင်တဲ့ ဗိုလ်ချုပ်က အရည်အချင်းရှိရင် အဲဒီ တပ်ဖွဲ့က နိုင်ဖို့များတယ်။ အခုကြည့်ရတာတော့ သူတို့ရဲ့ စစ်ဦးဆောင်မှုက ပရမ်းပတာ ဖြစ်နေတယ်။

တိုင်းမှူးတွေ အဖမ်းခံရတာတို့ ရာထူးအရွေ့အပြောင်းလုပ်တာတို့ နောက်အချင်းချင်း အာဏာသိမ်းတယ်ဆိုပြီး သတင်းထွက်နေတာတွေ တို့ နောက်တစ်ခုက စစ်တိုက်ရာမှာ သူတို့ကို အသေခံတိုက်ပေးမယ့် စစ်ကူမရှိတော့ဘူး ဆိုတော့ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းမှာ အရည်အချင်းမရှိဘူး။ ကျဆင်းလာတယ်။ စစ်တိုက်ဖို့အတွက် အရည်အချင်းလိုတယ်။

ပထမအချက်က လက်နက်အင်အားကောင်းရမယ်။ စစ်တပ်အင်အားရှိရမယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေနဲ့ စစ်ဦးဆောင်မှုကောင်းရမယ်ပေါ့။ သူတို့မှာကတော့ လက်နက်ကလွဲပြီး ဘာမှမရှိဘူး။ အကုန်ကျဆင်းနေတယ်။ ဒါကြောင့်မို့ သူတို့က ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေဖွဲ့ပြီး ထောက်ပို့နဲ့ အရန်တပ်တွေကို ဖြည့်ဖို့ သူတို့ရဲ့ခံစစ်ကို ကူနိုင်ဖို့ပေါ့။ ဒါကြောင်မို့ လောလောဆယ် သူတို့က အခြေအနေဆိုးနေတယ်လို့ ခန့်မှန်းရပါတယ်။

မေး – အခုဆို စစ်ကောင်စီက နိုင်ငံအရှေ့၊ မြောက်၊ အနောက် ဒေသတွေမှာ စစ်ရေးရှုံးနိမ့်မှုတွေကြောင့် ဆက်တိုက်ကြုံနေရတယ်။ ဒီအပေါ် နိုင်ငံ့တောင်ပိုင်း မွန်မှာ အလားတူ မဖြစ်ဖို့ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုတွေ ဘယ်လိုမျိုး လုပ်ဆောင်နေတာ ရှိမလဲ။

ဖြေ – သူတို့က အခြားဒေသတွေမှာ စစ်ရှုံးနေတော့ မွန်ဘက်မှာ ပြင်ဆင်မှုတွေ အတော်လေး ရှိနေတယ်။ မွန်ဘက်မှာ အခြေအနေကို အဖတ်ဆယ်ဖို့လည်းပါတာပေါ့။ အထူးသဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း လုံခြုံရေးလုပ်ဖို့ စီမံထားတာ ရှိတယ်။

နောက် တခြားနေရာ ဒေသတွေမှာ နယ်စပ်ကုန်သွယ်ရေး မလုပ်ရတဲ့အခါ ရေး၊ မော်လမြိုင်၊တနင်္သာရီဘက်မှာ ပြန်လည် စိုးမိုးပြီးတော့ နယ်စပ်ကုန်သွယ်ရေးကို ဖြည့်တင်းဖို့ရှိတယ်။ ရေကြောင်းဌာနဘက်မှာ အသုံးချပြီးတော့ နယ်စပ်ကုန်သွယ်ရေး လုပ်ဖို့ စဉ်းစားနေတယ်။ ဒါကြောင့် မွန်ပြည်နယ်ဘက်မှာ အင်အားတွေကို ဖြည့်ထားတယ်။ ပြင်လည်း ပြင်ဆင်နေပါတယ်။ စစ်တပ်အင်အားတွေကိုပေါ့။ တခြား‌ဒေသတွေမှာ သူတို့စစ်ရှုံးသွားရင်တောင် မွန်ဘက်မှာ ခံစစ် ပြင်ဆင်မယ် ဆိုပြီး ကြားနေရပါတယ်။

မေး – ဒီအပေါ် မွန်တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှုအပေါ် တန်ပြန်နိုင်ဖို့ ဘာတွေ ပြင်ဆင်ဆောင်ရွက်နေတာ ရှိမလဲ။

ဖြေ – ဒီလိုမျိုး အခြေအနေတွေကို ရင်ဆိုင်ဖို့ မွန်တော်လှန်ရေး အဖွဲ့အစည်းတွေ ဘာလုပ်ရမလဲဆိုတာက မွန်တော်လှန်ရေးကတော့ အခြေအနေအရ ပူးပေါင်းစစ်ရေး ဆောင်ရွက်ဖို့ ပြုလုပ်ရတော့မယ်။ မလုပ်လို့လည်း မရတော့ဘူး။

မွန်တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့တွေ ရှိတယ်။ တစ်စုတစ်စည်း စုပြီး ရန်သူကို စည်းစည်းလုံးလုံး တိုက်ခိုက်နိုင်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေမှာ စည်းလုံးရေး မဟာမိတ်လိုတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေက ရန်သူကို ဗျူဟာမြောက် ဆန့်ကျင်တိုက်ခိုက်သွားဖို့ အထူးသဖြင့် အကွဲကွဲ မတိုက်မိဖို့ပေါ့နော်။ အဲဒီလို လုပ်ဖို့ ဆိုတာကလည်း ရှိနေတဲ့ မွန်အဖွဲ့အစည်းက တစ်စုစည်းတည်း လုပ်ဖို့လိုတယ်။ မိမိတို့ရဲ့ မတူခြားနားမှုကို ဘေးဖယ်ပြီး လုပ်ဖို့အတွက် ကြိုးစားနေပါတယ်။

မကြာခင်ကာလမှာ မွန်တော်လှန်ရေး အဖွဲ့ထဲမှာ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ မွန်တော်လှန်ရေးအဖွဲ့အစည်းကလည်း အဲဒီလို ဖြစ်ဖို့အတွက် ကြိုးစားနေတယ်လို့ ယုံကြည်ပါတယ်။

မေး – မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနအနေနဲ့ရော လက်ရှိ ဘာတွေ ဆောင်ရွက်နေတာရှိမလဲ၊ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသဖြင့်ပေါ့။ လူထုကိုရော သတင်းစကားပါးချင်တာ၊ အသိပေးချင်တာ တစ်ခုခုရှိနေမလား။

ဖြေ – MSFC ရဲ့ အဓိကတာ၀န်က စစ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့။ မွန်ပြည်နယ်နဲ့ အနီးတစ်ဝိုက်မှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းဖို့ ၊ MSFC ရဲ့ အောက်မှာ MSRF ဆိုတဲ့ တပ်ရှိတယ်။

ကျွန်တော်တို့ MSRF တပ်ကို ထိရောက်ခိုင်မာတဲ့ တော်လှန်ရေး တပ်စုတစ်ခု ဖြစ်လာဖို့ ကြိုးစားနေပါတယ်။ ကွန်မန်ဒိုတွေ ထောက်လှန်ရေးတွေ လက်နက်လုပ်ရေးတွေကို training လုပ်နေတယ်။ တခြားတိုက်ခိုက်ရေးမှာ လိုအပ်တဲ့ စစ်သင်တန်းတွေ ပြင်ဆင်တက်ရောက်နေကြပါတယ်။

ကျွန်တော်တို့ရဲ့ စစ်ဘက်မဟာမိတ်ကဆိုတော့ တစ်ယောက်တည်း တိုက်ဖို့ဆိုတာ ခက်တယ်ဆိုတော့ စစ်မဟာမိတ် ဖွဲ့ရတာပေါ့။ အဲဒီ စစ်မဟာမိတ် ဖွဲ့ဖို့ ဆိုတာကလည်း မွန်တော်လှန်ရေးတပ်တွေမှာ စစ်ရေးမဟာမိတ် ဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေတယ်။ ပထမ ဦးစားပေးအနေနဲ့ လှုပ်ရှားနေပါတယ်။ မွန်လူမျိုးတွေရဲ့ အပြင်ဘက် မဟာမိတ်ပေါ့။

မွန်ပြည်နယ်ဘက်မှာ လုပ်ရှားနေတဲ့ NUG ဘက်က PDF တို့ တခြား EAO တို့နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ကြိုးစားနေတယ်။ ပြည်သူတွေကို သတင်းစကား ပါးချင်တာက စစ်ကောင်စီက မကြာတော့တဲ့ ကာလမှာ ကျဆုံးဖို့ရှိတယ်။ လက်ရှိမှာကျဆုံးနေပြီ။

စစ်ကောင်စီဟာ လက်ရှိမှာ စက္ကူကျားသဘောဖြစ်သွားပြီ။ သီအိုရီအရ ကျဆုံးဖို့နီးသွားပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့က ကျားဖြစ်နေသေးတယ်။ ဆိုတော့ ပြည်သူကို ကိုက်နိုင်သေးတယ်။ ဒုက္ခပေးနိုင်သေးတယ်။ ဒါပေမဲ့ ကျဆုံးဖို့ မကြာတော့ဘူးဆိုတော့ တောင့်ခံထားဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်။

တော်လှန်ရေးဘက်ကို ထောက်ခံဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ အကြမ်းဖက်စစ်ကောင်စီကျဆုံးသွားမှ အေးအေးဆေးဆေး နေလို့ရမယ် ။ မင်းဆိုးမင်းညစ် အုပ်ချုပ်တဲ့ နိုင်ငံက ပြဿနာအမျိုးမျိုး ဖြစ်တတ်တယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာ မော်လမြိုင်မှာ ထိုင်နေတဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကို ခင်ဗျားတို့ ထိုင်စောင့်နေတာကြာပြီ တော်လှန်ဖို့အတွက် အချိန်ရောက်ပြီလို့ ကျွန်တော်တို့ ဘယ်သူ့ကို ရည်ညွန်းသလဲ သူတို့သိပါတယ်။ ကျွန်တော်တို့ဘက်ကို မြန်မြန်ကူးပြောင်းပြီး ပူးပေါင်းကာ စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့ လာပူးပေါင်းကြပါ အလုပ်လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.