မော်လမြိုင် ၊ စက်တင်ဘာ ၄

နိုင်ငံတဝန်းမှာ စက်သုံးဆီပြတ်လပ်မှုတွေ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီတွေကို စမတ်ကတ်ပါမှ ရောင်းချရမယ့်စနစ်ကျင့်သုံးဖို့ စစ်ကောင်စီ စီစဉ်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီဝယ်ယူခွင့်အပါအဝင် အကန့်အသတ်နဲ့သာရောင်းရမယ့် စမတ်ကတ်စနစ်ကျင့်သုံးဖို့ စစ်ကောင်စီနဲ့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီဟာ ဒေါ်လာလိုအပ်ချက်မြင့်မားပြီး စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးသူတွေကို ဒေါ်လာ လိုသလောက် ရောင်းချပေးနိုင်တာမရှိတဲ့အတွက် မြို့အများစုမှာ စက်သုံးဆီပြတ်လပ်နေတာကြောင့် စမတ်ကတ်နဲ့ရောင်းချဖို့ ပြင်ဆင်နေတာပါ။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စမတ်ကတ်ပုံစံဟာ အရင်တုန်းက ဆီစာအုပ်နဲ့ ထုတ်ပေးတဲ့ပုံစံမျိုးဖြစ်ပြီး ယာဉ်အမျိုးအစားပေါ်မူတည်ကာ ခွဲတမ်းနဲ့ရောင်းချပေးတဲ့ပုံစံမျိုး သတ်မှတ်နိုင်တယ်လို့ ပြောပါတယ်။

“အရင်တုန်းက ဆီစာအုပ်ပုံစံ စဉ်စားလို့ရှိရင်လည်း ဒီတိုင်းပဲသွားခဲ့ကြတာပဲလေ။ နှစ်ပေါင်းများစွာ သွားခဲ့ကြတာပဲ။ အခုလည်း ဒီဟာက ဆီစာအုပ်လုပ်ရင်တောင်မှ သူတို့ကတော့ အတိအကျစာရင်းတော့ ရသွားပြီးပေါ့နော်။ အတိအကျစာရင်းဆိုတာက ဆိုင်ကယ်ဆိုလို့ ရှိရင်တော့ သူတို့ ဘယ် လောက် ရောင်းပေးမလဲ။ ကားဆို ဘယ်လောက်ရောင်းပေးမလဲ။ ခွဲတမ်းတွေနဲ့ သူတို့ အရင်တုန်းက ဆီစာအုပ်ပုံစံဆိုလို့ ရှိရင်ပေါ့။ ဥပမာ ဘယ်ကာစတန်မာတွေက ဘယ်ဆိုင်မှာ သွားထုတ်လဲ။ ဘယ်ဆိုင်မှာ သွားဝယ်လဲဆိုတဲ့ဟာတွေပါ သတ်မှတ်လိုက်လို့ ရှိရင်လည်း သတ်မှတ်နိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်တုန်းက ဆီစာအုပ်ပုံစံမျိုး သွားပါက ပြည်သူတွေအနေနဲ့ စက်သုံးဆီတွေကို လိုသ လောက် တရားဝင်ဝယ်ယူလို့ ရတော့မှာ မဟုတ်တဲ့အတွက် ပြင်ပမှောင်ခိုဈေးကွက် ကြီးထွားလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စက်သုံးဆီတွေကို စမတ်ကတ်နဲ့ ရောင်းချဖို့ ဆွေးနွေးနေပေမယ့် ယာဉ်အမျိုးအစားနဲ့ မီးစက်ကြီးတွေ အသုံးပြုပြီး လည်ပတ်နေရတဲ့ လုပ်ငန်းတွေကို ဘယ်လိုပုံစံတွေနဲ့ ရောင်းချပေးသွားမလဲဆိုတာကိုတော့ ဆက်လက်ဆွေးနွေးနေတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ယာဉ်မောင်းတစ်ဦးကတော့ စက်သုံးဆီ လိုသလောက် ဝယ်ယူလို့မရဘဲ တန်းစီပြီးဝယ်ယူနေရတဲ့အချိန်မှာ စမတ်ကတ်နဲ့ ကန့်သတ်ပြီးရောင်းချပါက အဆင်မပြေနိုင်ဘူးလို့ သူက ပြောပါတယ်။

“ဆီအခြေအနေကတော့ ဒီတစ်ရက် နှစ်ရက်ကတော့ ပြန်ရတယ်။ အခါတိုင်း သုံးရက်လောက်က ဆီပြတ်သွားတယ်။ ပြန်တန်းစီရတယ်။ ပုံမှန်အတိုင်းပဲ ဘာမှမလျော့ဘူး။ ကားတန်းလည်း ဒီလောက်ပဲ။ ဆိုင်ကယ်တန်းလည်း တစ်မျှော်တစ်ခေါ်ပဲ။ ဆီကားရောက်တာနဲ့ ဆီဆိုင်ဖွင့်တာနဲ့ ဘယ်မှာမှလျော့တာမျိုး မရှိဘူး။ စမတ်ကတ် အဲဒီလိုမျိုးဆိုရင်တော့ ဘယ်အဆင်ပြေမလဲ။ ကျွန် တော်တို့ဆို အဲဒီလို နေ့စားသမားကျတော့ အိုးဝေမောင်းတာ ဆီလိုအပ်တယ်လေ” လို့ ဆိုပါတယ်။

စက်သုံးဆီတွေဟာ အမျိုးအစားအားလုံးနီးပါး ဝယ်ယူရခက်ခဲပြီး လိုသလောက် ဝယ်ယူလို့ မရတာကြောင့် ယာဉ်လိုင်းတချို့ ရပ်နားထားရတာတွေ ရှိသလို တချို့ လုပ်ငန်းတွေအနေနဲ့ အပြည့်အဝ မလည်ပတ်နိုင်တဲ့အပြင် သယ်ယူပို့ဆောင်ရေး စရိတ်တွေလည်း မြင့်တက်လာတာပါ။

စက်သုံးဆီတွေ ဆိုးဆိုးရွားရွား ပြတ်လပ်ပြီး လိုသလောက် ဝယ်ယူလို့ မရတော့တာဟာ ဒေါ်လာ လိုအပ်ချက် မြင့်တက်နေတာကြောင့် သီလဝါမှာ စက်သုံးဆီသင်္ဘောတွေ ရှိပေမယ့် ဒေါ်လာမပေး ချေနိုင်တဲ့အတွက် စက်သုံးဆီမချပေးတာဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်း ငါးဆဝန်းကျင် မြင့်တက်လာတဲ့အပြင် မကြာခဏဆီပြတ်လပ်တာ၊ ဈေးနှုန်းမတည်ငြိမ်တာနဲ့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Min Shwe Myine

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.