မော်စကို၊ စက်တင်ဘာ ၂

ယူကရိန်းစစ်ပွဲကို အနောက်တိုင်းက အရှိန်မြင့် တက်လာအောင် လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ နျူကလီးယားလက်နက်အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်ကို ပြောင်းလဲသွားမယ်လို့ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ အာရ်ယက်ကော့ဗ်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက စက်တင်ဘာ ၁ ရက်မှာ ဖော်ပြပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ သမ္မတ ဗလာဒီမာ ပူတင် ထုတ်ပြန်ထားတဲ့ ရုရှားရဲ့ နျူကလီးယား လက်နက်များ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်အရ ရန်သူနိုင်ငံ တစ်နိုင်ငံက နျူကလီးယား လက်နက် အသုံးပြု တိုက်ခိုက်လာရင် ဒါမှမဟုတ် ရုရှားနိုင်ငံ တည်ရှိမှုကို အန္တရာယ်ကျရောက်စေမယ့် တိုက်ခိုက်မှုအတွက် နျူကလီးယား လက်နက်တွေ အသုံးပြုပြီး ပြန်လည် တိုက်ခိုက်မယ်လို့ သတ်မှတ်ထားပါတယ်။

အနောက်တိုင်းရှိ ရုရှားရဲ့ ရန်သူနိုင်ငံတွေကို နျူကလီးယား လက်နက် အသုံးပြု တိုက်ခိုက်မယ့် အစီအစဉ်ကို ရုရှား စစ်ရေး လေ့လာသူ တချို့က ကန့်ကွက်ထားပါတယ်။

သမ္မတ ပူတင် ကိုယ်တိုင်က ကမ္ဘာကြီးရဲ့ အခြေအနေအပေါ် မူတည်ပြီး မိမိတို့ရဲ့ နျူကလီးယား လက်နက် အသုံးပြုမှု သတ်မှတ်ချက်ကို ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ ဇွန်လကတည်းက ပြောဆိုထားပါတယ်။

ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ အနောက်တိုင်းရဲ့ လုပ်ရပ်တွေကြောင့် မိမိတို့ရဲ့ နျူကလီးယား လက်နက် အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်တွေကို ပြင်ဆင် ပြောင်းလဲရေး အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ အာရ်ယက်ကော့ဗ်ကို ကိုးကားပြီး နိုင်ငံပိုင် TASS (တာ့စ်) သတင်းဌာနက ဖော်ပြပါတယ်။

မော်စကိုက အနောက်တိုင်းဟာ ယူကရိန်းကို အသုံးချပြီး ရုရှားကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲ ထားပါတယ်။

အမေရိကန်နဲ့ အနောက်တိုင်း မဟာမိတ်တွေက မိမိတို့ အနေနဲ့ ရုရှားရဲ့ ရန်စမှုကနေ ယူကရိန်းကို ကာကွယ်ပေးနေတာ ဖြစ်တယ်လို့ ပြောဆိုထား ပါတယ်။

အနောက်တိုင်းက ယူကရိန်းကို လက်နက်တွေ ပေးပို့ ကူညီနေပေမယ့် အဲဒီ လက်နက်တွေကို သုံးပြီး ရုရှားနိုင်ငံထဲကို မတိုက်ခိုက်ရဘူးလို့ ပြောထားပေမယ့် ယူကရိန်းက မကြာသေးခင်က ရုရှားနိုင်ငံထဲကို ဝင်ရောက် တိုက်ခိုက်ပြီး နယ်မြေ တချို့ သိမ်းပိုက်ထားပါတယ်။

ဒါက မိမိတို့ စစ်တပ်အတွက် စိတ်ဓာတ် မြှင့်တင်ရေး ထိုးစစ်ဆင်မှု ဖြစ်တယ်လို့ ယူကရိန်း သမ္မတဇီလန်စကီးက ပြောဆိုထားပါတယ်။

ဒီစစ်ဆင်ရေး မတိုင်ခင် ယူကရိန်းက မိမိတို့ကို ကြိုတင် အသိပေးမှု မရှိခဲ့ဘူးလို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ဖြစ်ပြီး စစ်ရေး အခြေအနေ အပေါ် မူတည်ကာ အသုံးပြု တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.