နေပြည်တော် ၊ စက်တင်ဘာ ၃

ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် အိမ်တိုင်ရာရောက်မေးမြန်းမယ့် မေးခွန်းတိုင်းအပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်တွေကင်းစွာနဲ့ အမှန်အတိုင်းဖြေကြားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် စက် တင်ဘာ ၁ ရက်နေ့ ပြည်သူသို့ပြောကြားတဲ့မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင် လှိုင်က ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က အိမ်ထောင်စုအဖွဲ့အစည်းတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာ ရောက် လာရောက်မေးမြန်းမယ့် မေးခွန်းတိုင်းအပေါ် အမှန်အတိုင်း အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည်ဖြေကြားဖို့ တိုက်တွန်းခဲ့တာပါ။

သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားတဲ့ ၂၀၁၃ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ဥပဒေကလည်း ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှုအကာအကွယ်ပေးထားပြီးဖြစ်တယ်လို့ သူကဆိုပါတယ်

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးက သန်းခေါင်စာရင်းဟာ အိမ်ထောင် စုဇယားကို အခြေခံပြီး မေးခွန်းမေးတာဖြစ်ပေမယ့် စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းပြောဆိုချက်ဟာ ပြည်သူတွေကို ခြိမ်းခြောက်သလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“သန်းခေါင်စာရင်း ကောက်ပြီဆိုကတည်းက ပုံစံ ၆၆ အိမ်ထောင်စုဇယားကို အခြေခံပြီးသွားတာပဲ။ အဲဒီ ပုံစံ ၆၆ ကို အခြေခံပြီး ဒီလူတွေရှိလား၊ ဘယ်သွားလဲ၊ ဒါပဲမေးတာ။ ဒါပေမယ့် သူကတော့ သူ့ရဲ့မိန့်ခွန်းထဲမှာ သူတို့မေးတာ ဖြေရမယ်ဆိုတဲ့အခါကျတော့ ဒီပုံမှန်အတိုင်းမေးတဲ့ဟာတော့ ပြည်သူတိုင်း ပုံမှန်ဖြေကြတာပဲလေ။ ဒါကိုသူ့အလှည့်ကျမှ လုံးလုံးလျားလျားကြီး မှန်မယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ကလည်း သန်းခေါင်စာရင်း ကောက်ခဲ့တာပဲလေဗျာ။ အဲဒါကြောင့်မို့ အခုဟာက ပြည်သူကို ခြိမ်းခြောက်သလို ဖြစ်နေတာပေါ့ဗျာ”လို့ ဆိုပါတယ်။

လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လူဦးရေနဲ့အိမ်အကြောင်းအရာသန်း ခေါင်စာရင်းကို နိုင်ငံတဝန်းမှာ တပြိုင်နက်တည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူဖို့ စစ်ကောင် စီက လွန်ခဲ့တဲ့နှစ်တွေကစပြီး ပြင်ဆင်ထားတာပါ။

စစ်ခေါင်းဆောင်ကတော့ နိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု စီမံဆောင်ရွက်နိုင်ရေးအ တွက် တိကျမှန်ကန်တဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းတွေ အမှန်တကယ်ရရှိဖို့ လိုအပ်တာကြောင့် သန်းခေါင်စာရင်း ကောက်ယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ မဲစာရင်းတိကျမှန်ကန်စေရေး လုပ်ဆောင်ရာမှာလည်း အသုံးပြုနိုင်မယ်လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲကို လာမယ့်နှစ် နိုဝင်ဘာမှာ ကျင်းပမယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က သူတို့ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ထုတ်ပြောထားတာပါ။

စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးက မတည်ငြိမ်မှုတွေ အကျပ်အတည်းတွေကို ရုန်းထွက်ဖို့ ရွေး ကောက်ပွဲဟာ ပြဿနာရဲ့အဖြေလို့ ယူဆထားတဲ့အတွက် နိုင်ငံတကာထောက်ခံလာအောင် ကြိုး ပမ်းနေတဲ့သဘောလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အမျိုးသားညီညွတ်‌ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတော့ စစ်အုပ်စုက နောက်ဆုံးထွက် ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ စစ်ရှိန်မြှင့်နိုင်သမျှမြင့်ပြီး နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုမယ်လို့ ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.