သထုံ၊ စက်တင်ဘာ ၃

မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာ မော်လမြိုင် – ရန်ကုန်ကားလမ်းပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကရင်ပြည်နယ် မြဝတီကနေ ပဲခူးမြို့သို့ မောင်းနှင်လာတဲ့ အန်စာတုံးခရီးသည်တင်ယာဉ်တစ်စီးဟာ ကမာစိုင်ကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

မိုင်းဆွဲခံရတာကြောင့် ယာဉ်မောင်းကိုဖြိုးဝေကျော်နဲ့ ခရီးသည်ကိုကျော်မျိုးသူတို့နှစ်ဦး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့ခရီးသည်လေးဦးဟာ သထုံခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပြီး ကျန်တစ်ဦးက ကျိုက်ကော်တိုက်နယ်ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သူတို့တွေဟာ မြဝတီကနေ ပဲခူးမြို့ထံ ပြန်လာကြတဲ့ အရပ်သားခရီးသွားပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ခရီးသည်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကမာစိုင်ကျေးရွာဟာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုး သားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်း စစ်ရေးလှုပ်ရှားတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ “အောင်ကျော်မိုး” ခရီးသည်တင်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်နောက်လိုက် သေ ဆုံးပြီး ခရီးသည်လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.