ရွှေကျင်၊ စက်တင်ဘာ ၂

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာ ရှေ့တန်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာ ရှေ့တန်းစစ်စခန်းကို ပူးပေါင်းတပ်တွေက သြဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းကစပြီး ထိုးစစ်ဆင်ရာ တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၁ နာရီအချိန်ခန့်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ကြီး လက်နက်ငယ်၊ ခဲယမ်း၊ ဆန်အိတ် ၄၀၀ ကျော်နဲ့ ရိက္ခာအမြောက်အများ သိမ်းပိုက်ရရှိခဲ့သလို စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး အပါအဝင် ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းဟာ ဘောကထာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုန်းမြင့်သာယာစခန်းမှာ ရှေ့တန်းစစ်စခန်း ပြုလုပ်ပြီး တပ်စွဲထားချိန် ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ KNU တပ်မဟာ ၁၊ ၃၊ ၅ သုံးခုပေါင်းပြီး ပဲခူးတိုင်း အရှေ့ခြမ်းက စစ်တောင်းမြစ်ဝှမ်းတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့မှာ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့ကလည်း ပဲခူးတိုင်း လက်ပံတန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိ ငါးဦး သေဆုံးခဲ့သလို စစ်သုံ့ပန်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.