ဘန်ကောက်၊ စက်တင်ဘာ ၂

ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံသား တစ်သိန်းလေးသောင်းကျော်ကို ဖမ်းဆီးပြီး မိခင်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ပြန်ပို့ခံလိုက်ရတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပရမ်းပတာ အခြေအနေတွေကို အသုံးချပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ ကြိုးပမ်းသူတွေ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုထားပါတယ်။

ထိုင်းအရာရှိတွေက ပြီးခဲ့တဲ့ ဇွန်လကစပြီး စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးဇုန်တွေနဲ့ အလုပ်ရှာသူတွေ ရှိနေနိုင်တဲ့ နေရာပေါင်း ၁၅၀၀၀ နီးပါးကို စုံစမ်းစစ်ဆေးခဲ့ပြီး တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား နှစ်သန်းလောက် တရားဝင် အလုပ်လုပ်ကိုင်နေပြီး ထိုင်းစီးပွားရေးအတွက် အများကြီး အထောက်အကူ ပြုပေးနေပါတယ်။

စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်ရဖို့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေလည်း အများကြီး ရှိတယ်လို့ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းကို မြန်မာလူငယ် အများအပြား ရောက်ရှိလာတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဖြစ်ပါတယ်။

Cambodian migrant workers carry their belongings as they walk to cross the border, June 15, 2014, at Aranyaprathet in Sa Kaew. (Athit Perawongmetha/Reuters)

အခု ထိုင်းကနေ မြန်မာနိုင်ငံဆီ ပြန်ပို့လိုက်သူတွေဟာလည်း စစ်တပ်က စစ်မှုထမ်းဖို့ ခေါ်ဆောင်တာ ခံရနိုင်ပါတယ်။

ထိုင်းမှာရှိတဲ့ မြန်မာ အလုပ်သမားအရေး ကိစ္စတွေမှာ စစ်ကောင်စီ ကြားဝင် မစွက်နိုင်ရေး တားဆီးပေးဖို့ NUG အစိုးရက ထိုင်းအစိုးရကို တောင်းဆိုထားပြီး ဖြစ်ပေမယ့် အခုလို လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထိုင်းလက်ထောက်ရဲချုပ် အီသီပိုလ်က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေကို နှိမ်နှင်းတာ ဖြစ်ပြီး သူတို့ထဲက တချို့ဟာ မိခင်နိုင်ငံက ပရမ်းပတာ အခြေအနေတွေကို အသုံးချ အခွင့်ကောင်းယူပြီး ထိုင်းမှာ အလုပ်ရဖို့ ကြိုးပမ်းသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံကူးလက်မှတ် မရှိသူ ဒါမှမဟုတ် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးရုံကလွဲပြီး အခြား ရွေးချယ်စရာ မရှိဘူးလို့ သူက ဖြည့်စွက်ပြောကြားပါတယ်။

သူတို့ ပြန်လည် ပို့ဆောင်လိုက်သူတွေဟာ မြန်မာ စစ်တပ်ရဲ့ တပ်သားသစ်အဖြစ် ခေါ်ယူခံရနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်လို့တော့ သူက တစ်လုံး တပါဒမျှ ပြောဆိုတာ မရှိပါဘူး။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေကို အများကြီး လိုအပ်ချက် ရှိနေပေမယ့် တရားမဝင် အလုပ်သမားတွေကို အရှိန်မြှင့် နှိမ်နှင်းနေပြီး အထူးသဖြင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း နှိမ်နှင်းမှု ပိုများလာခဲ့တာ ဖြစ်ပါတယ်။

Ref:Rfa

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.