မော်လမြိုင် ၊ စက်တင်ဘာ ၂
မကြာသေးခင်က စစ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ထဲ ပြည်သူတွေအနေနဲ့ လုံးဝမပါဝင် မပတ်သက်ဖို့ မွန်တော်လှန်ရေးသုံးဖွဲ့က သတိပေးတားမြစ်ချက် ပူးတွဲကြေညာပါတယ်။
မွန်တော်လှန်ရေးသုံးဖွဲ့ဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန MSFC- DoD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့က စက်တင်ဘာ ၂ ရက်နေ့မှာ သဘောထား ထုတ်ပြန်တာပါ။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ကဏ္ဍအသီးသီးမှာ ဘေးကျပ်နံကျပ် အခြေအနေ ဆိုက်ရောက်နေတဲ့ စစ်ကောင်စီက သူတို့ရဲ့ နောက်ဆုံး ထွက်ပေါက်အဖြစ် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ သစ်တစ်ခုကို ဩဂုတ် ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
အဖွဲ့သစ်ရဲ့လုပ်ငန်းစဉ်တွေမှာ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်သင်တန်းပေးတာနဲ့ လက်နက်တပ်ဆင်ပေးတာတွေ ပါဝင်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြား အရပ်သားအမျိုးသားတွေကို ပစ်မှတ်ထားကာ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ရပ်ကွက်ကျေးရွာတွေမှာ စတင်လူစုနေတယ်လို့ မိမိတို့ ကြားသိရကြောင်း မွန်တော်လှန်ရေးသုံးဖွဲ့က ဆိုပါတယ်။
စုဆောင်းလာသူတွေကို ရပ်ကွက်၊ ကျေးရွာလုံခြုံရေးဆိုင်ရာ တာဝန်တွေ ထမ်းဆောင်ဖို့ ပထမအဆင့်အနေနဲ့ ရည်ရွယ်ထားပေမယ့် အင်အားနည်းပါးနေတဲ့ စစ်ကောင်စီတပ်ကို အားဖြည့်ဖို့ ရှေ့တန်းသို့ မကြာမီ ပို့ဆောင်သွားမယ့်အစီအစဉ်လည်း ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ နောက်ဆုံး ထွက်ပေါက်တစ်ရပ်ဖြစ်တဲ့ ပြည်သူ့ လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး ပြည်သူတွေ လုံးဝမပတ်သက်ဘဲ ဆန့်ကျင်သွားဖို့နဲ့ မွန်တော်လှန်ရေးသုံးဖွဲ့က အသိပေးတာပါ။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း လုံးဝ မကူညီဖို့ သတိပေးထားပြီး ပါဝင်လုပ်ဆောင်ကူညီနေသူတွေကို သတင်းပေးပို့သွားဖို့နဲ့ အဲဒီလူတွေကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF