မော်လမြိုင် ၊ ဩဂုတ် ၃၁
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေ ကျပ်တည်းနေချိန်မှာ လျှပ်စစ်မီတာခတွေကို နှစ်ဆကျော် တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
အိမ်သုံးမီတာခအဖြစ် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ကျပ် ၅၀ ၊ ယူနစ် ၅၀ ကနေ ၁၀၀ ယူနစ်အထိ ကျပ် ၁၀၀ ၊ ၁၀၀ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ကျပ် ၁၅၀ ၊ ၂၀၀ ယူနစ်နဲ့အထက်ဖြစ်ပါက ကျပ် ၃၀၀ တိုးမြှင့်ကောက်သွားမှာ ဖြစ်ပါတယ်။

အိမ်သုံးမီတာခတွေကို အရင်က ၂၀၀ ယူနစ်နဲ့အထက် ဖြစ်ပါက ကျပ် ၁၂၅ ကျပ်သာ ကောက်ခံခဲ့ပေမယ့် အခုအခါမှာတော့ ကျပ် ၃၀၀ အထိ တိုးမြှင့်ကောက်ခံမှာ ဖြစ်တဲ့အတွက် ဈေးနှုန်း နှစ်ဆကျော် တိုးမြှင့်လာတာပါ။
အလားတူ လုပ်ငန်းသုံးမီတာခတွေကိုလည်း ၁ ယူနစ်ကနေ ၅၀၀၀ ယူနစ်အထိ ကျပ် ၂၅၀ ၊ ၅၀၀၀ ယူနစ်ကနေ ၂၀၀၀၀ ယူနစ်အထိ ကျပ် ၄၀၀ ၊ ယူနစ် ၂၀၀၀၀ နဲ့အထက်ဖြစ်ပါက ကျပ် ၅၀၀ တိုးမြှင့်ကောက်ခံသွားမယ်လို့ အသိပေးလာတာပါ။

ပြည်သူတစ်ဦးကတော့ လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံတာဟာ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ဒါကတော့ ပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်ဖြစ်အောင် လုပ်လိုက်တာပေါ့။ အခုက မီတာခက နှစ်ဆ ကောက်ပေမယ့်လည်း မီးက မမှန်တာ။ အခုလက်ရှိ ကျွန်တော်တို့ဆီမှာလည်း မီးက ပျက်နေတယ်။ မီးက ပုံမှန် မလာတဲ့ ကြားထဲမှာ ဒီလျှပ်စစ်ခွန်ကို နှစ်ဆ တိုးကောက်တယ်ဆိုတော့ ဒါပြည်သူလူထုကို သက်သက်ကြီး ဒုက္ခမရောက် ရောက်အောင် လုပ်လိုက်တာနဲ့ တူတူပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ မီတာခတွေ တိုးမြှင့်ကောက်ခံရတာဟာ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်အားလိုင်းတွေ အဆင့်မြှင့်တင်တာ၊ တိုးချဲ့ တည်ဆောက်တာ၊ ပြုပြင်ထိန်းသိမ်းတာတွေကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင်ရွက်တဲ့နေရာမှာ ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ် မြင့်မားလာတာကြောင့် အကြောင်းပြပါတယ်။
မီတာခတိုးမြှင့်ကောက်ခံဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း သဘောတူညီမှု ရရှိထားပြီလို့ အဲဒီကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

နောက်ထပ် ပြည်သူတစ်ဦးကလည်း လျှပ်စစ်မီးပုံမှန် မရရှိဘဲ မီတာခတိုးကောက်တဲ့အတွက် အကုန်လုံး ဒုက္ခရောက်ရသလို အကျပ်အတည်းတွေကြားထဲမှာ ဝင်ငွေထွက်ငွေ မမျှတမှုနဲ့ ကြုံတွေ့လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မီးလည်း မမှန် မီတာခ တိုးကောက်တော့ အကုန်လုံး ဒုက္ခရောက်တာပေါ့။ တိုးကောက်တော့က တိုးကောက်တော့လည်း တိုးကောက်ပေါ့။ ဒါတွေက သူတို့ လက်ထဲမှာ ရှိတာကို သူတို့က ဘာကြောင့် တိုးကောက်တာလည်း ဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျန်တာ ဘာမှ ဘယ်လိုပြောရ မလည်း ပိုပြီးတော့ ဒုက္ခ ရောက်တာပေါ့။ ဝင်ငွေကလည်း သိပ်ရှိတာ မဟုတ်ဘူးလေ။ အရင်လိုလည်း လုပ်လို့ ကိုင်လို့လည်း မကောင်းဘူး။လုပ်လို့ ကိုင်လို့ မကောင်းတဲ့ထဲ မီတာခ တက်တော့ ဝင်ငွေထက် ထွက်ငွေ ပိုများ လာတာပေါ့” လို့ ဆိုပါတယ်။

အိမ်သုံးမီတာခတွေအပါအဝင် လုပ်ငန်းသုံးမီတာခတွေ တိုးမြှင့်ကောက်ခံမှုကြောင့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမယ့် အခြေအနေကို ပြည်သူတွေ ခံစားရဦးမယ်လို့ ထောက်ပြတာတွေ ရှိနေပါတယ်။
စစ်ကောင်စီကတော့ ပြင်ဆင်တိုးမြှင့်သတ်မှတ်လိုက်တဲ့ မီတာခနှုန်းထားတွေကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ကောက်ခံသွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media