ဂျီနီဗာ၊ သြဂုတ် ၃၀

ကလေးငယ်တွေကို ပိုလီယို ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဂါဇာဒေသမှာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့ အစ္စရေးက သဘောတူထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ပြောပါတယ်။

ဂါဇာကမ်းမြောင် ဒေသတဝန်း ကလေးငယ် ၆၄၀၀၀၀ ကို ကာကွယ်ဆေး ထိုးပေးဖို့ ရည်ရွယ်ထားပြီး စက်တင်ဘာ ၁ ရက်မှာ စတင်မှာ ဖြစ်တယ်လို့ WHO အကြီးတန်း အရာရှိ ရိတ် ပီပါခွန်က ပြောကြားပါတယ်။

ဂါဇာကမ်းမြောင် ဒေသမှာ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းခွဲပြီး အဆင့် ၃ ဆင့်နဲ့ ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အဆင့် တစ်ဆင့်ချင်းစီမှာ တိုက်ခိုက်မှုတွေကို နံနက် ၆ နာရီကနေ မွန်းလွဲ ၃ နာရီအထိ သုံးရက် ဆက်တိုက် ရပ်တန့်ပေးသွားမှာ ဖြစ်ပါတယ်။

၂၅ နှစ် အတွင်း ဂါဇာမှာ ပထမဆုံး ပိုလီယိုဖြစ်ပွားတဲ့ ၁၀ လ အရွယ်ကလေး တစ်ဦး အကြောသေသွားကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောကြားပြီးနောက် အခုလို သဘောတူညီမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပိုလီယို ကာကွယ်ဆေးအဖြစ် သောက်ဆေး အမျိုးအစား ၂ nOPV2 ဆေးပေါင်း ၁ ဒဿမ၂ သန်းကို ဂါဇာသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း၊ မကြာခင် နောက်ထပ် ကာကွယ်ဆေး ၄ သိန်း ရောက်ရှိလာမှာ ဖြစ်ကြောင်း သိရပါတယ်။

ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်အဖွဲ့က WHO ၊ UNICEF၊ UNRWA တို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဂါဇာမှာ ပိုလီယို ဗိုင်းရပ်စ် မပြန့်ပွားစေရေး ကမ်းမြောင် ဒေသတဝန်း ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး လွှမ်းခြုံထားနိုင်ဖို့ WHO က ရည်ရွယ်ထားပါတယ်။

အဲဒီ အတိုင်းအတာအထိ ကာကွယ်ဆေးထိုးဖို့ အချိန်ပိုလိုအပ်ခဲ့မယ်ဆိုရင် နောက်ထပ် စတုတ္ထမြောက် တစ်ရက်အဖြစ် လူသားချင်း စာနာရေး တိုက်ခိုက်မှုတွေ ရပ်တန့်ထားပေးဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက သုံးရက် ဆက်တိုက် တိုက်ခိုက်မှုတွေ ရပ်ပေးထားတာဟာ အပစ်ခတ် ရပ်စဲတာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ဟားမာ့စ်အဖွဲ့အနေနဲ့လည်း အဲဒီအစီအစဉ် အောင်မြင်စေရေး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

ပိုလီယို ဗိုင်းရပ်စ်ဟာ ကူးစက်နိုင်မှု မြင့်မားပြီး အထူးသဖြင့် ရေဆိုးတွေနဲ့ ညစ်ညမ်းနေတဲ့ ရေတွေက တဆင့်ကူးစက်လေ့ရှိပါတယ်။

အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အဓိက ကူးစက်ပြီး ခန္ဓာကိုယ် ပုံပျက်တာ၊ အကြောသေတာတွေ ဖြစ်နိုင်သလို အသက်အန္တရာယ်လည်း ရှိနိုင်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.