နောင်ချို၊ ဩဂုတ် ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းနှစ်ခုဖြစ်တဲ့ အမတ ၄၀၆ နဲ့ အမတ ၂၀၆ တပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ဩဂုတ် ၂၉ ရက်နေ့မှာလည်း တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်း၊ ၃၄၅ တပ်စခန်း အနီးတစ်ဝိုက်နဲ့ မကျီးရေရွာ ဘုန်းကြီးကျောင်းတို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတဲ့ တောင်ခမ်းရွာ ၉၀၂ တပ်စခန်းမှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို တောင်ရွှေရွာနဲ့ သကြားစက်ရုံကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အား ပြန်လည် ဖြည့်တင်းဖို့ ကြိုးစားလာနေပြီး ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ကလည်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA