နေပြည်တော် ၊ ဩဂုတ် ၃၁
စစ်အုပ်စုဟာ နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုအပ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်က ပြောပါတယ်။
ဩဂုတ် ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ရှေ့နှစ်အတွင်း စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာဖြစ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ နိုင်ငံတချို့လည်း ရှိနေတာကြောင့် ရတဲ့နည်းနဲ့ လုပ်ဆောင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကို မိမိတို့ အနေနဲ့ သေသေချာချာ ထည့်သွင်းစဉ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သထုံခရိုင် တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်သလောက် ပြင်ဆင်ထားပြီးပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ PDF တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်သလောက် အားလုံး ပြင်ဆင်ထားပြီးပြီ။ ဘယ်လိုလည်းဆိုတော့ အစွမ်းကုန် ကျွန်တော်တို့ တိုက်ခိုက်ဖို့ပဲလေ။ ပြောသလိုပဲပေါ့ လမ်းများအားလုံး နေပြည်တော်သို့ ဆိုတဲ့ အတိုင်းပေါ့” လို့ ဆိုပါတယ်။
အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ 96 Soldiers PDF တာဝန်ခံ ကိုဇေယျလွင်က ရွေးကောက်ပွဲကို တန်ပြန်ဖို့ စစ်ရေး၊ နိုင်ငံရေး ပြင်ဆင်မှုနဲ့ပတ်သက်ပြီး အဖွဲ့အစည်းပေါင်းစုံ ပါဖို့ လိုအပ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါပေမယ့် ကျွန်တော်တို့ ပြင်ဆင်တယ်ဆိုတဲ့ ကိစ္စက ဘယ်လောက်အထိ အရွေ့ကို ရောက်မလဲ။စစ်ရေးဆိုလည်း စစ်ရေးအရွေ့၊ နိုင်ငံရေးဆိုလည်း နိုင်ငံရေးအရွေ့ပေါ့။ တကယ် လက်တွေ့ ကျကျ ဘယ်လောက်အထိ ရောက်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ သေသေချာချာလေး တိုင်ပင်စဉ်းစားသင့်တယ်လို့ ထင်တယ်။ အဲဒီနေရာမှာ အဖွဲ့အစည်းပေါင်းစုံ ပါဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ် ခင်ဗျ” လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ စိုးမိုးနယ်မြေတွေထဲမှာ မြို့ပေါင်း ၈၀ နီးပါး ရှိလာတဲ့အတွက် လွတ်မြောက်နယ်မြေတွေလည်း အများအပြား ရှိနေတာကြောင့် အဲဒီဒေသတွေနဲ့ ဆက်စပ်ပြီး စဉ်းစားသင့်တယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို လာမယ့်နှစ် နိုဝင်ဘာမှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံပွဲမှာ ထုတ်ပြောထားပါတယ်။
ဒီအတွက်ကြောင့် ပြည်သူ့လုံခြုံရေးအတွက်ဆိုပြီး အသက် ၃၅ နှစ်အထက် အရပ်သားအမျိုးသားတွေကို ရက်တိုသင်တန်းပေးပြီး ရပ်ကွက်ကျေးရွာထဲအထိ လက်နက်တပ်ဆင်ကာ ကင်းစောင့်ခိုင်းဖို့ စစ်ကောင်စီက စီစဉ်လာပါတယ်။
စစ်ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ကျင်းပနိုင်တဲ့ နယ်မြေတွေကို အရင်ကျင်းပကာ ကျန်နယ်မြေတွေကိုတော့ လုံခြုံရေးတိုးမြှင့်ပြီး ဆက်လက်ကျင်းပမယ်လို့ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။
ကိုဇေယျာလွင်ကတော့ မလွတ်မြောက်သေးတဲ့ မြေပြန့်ဒေသက အင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စစ်ရေး၊နိုင်ငံရေးနဲ့ တုန့်ပြန်နိုင်ဖို့ ရှိသမျှ အင်အားစုတွေအားလုံးနဲ့ သေသေချာချာ ဆွေးနွေးဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။
“မလွတ်မြောက်တဲ့ ကျွန်တော်တို့ မြေပြန့်ဒေသအခြေအနေမှာဆိုရင် မြေပြင်ဒေသမှာရှိတဲ့ အင်အားစုတွေ ပိုပြီးတော့ ကျောခြင်းကပ် ရင်ခြင်းအပ်ဖို့ ပိုလိုအပ်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို မလွတ်မြောက်သေးတာကိုး၊ လွတ်မြောက်ဖို့ ကြိုးစားနေကြတယ်။ ဆိုတော့ လွတ်မြောက်ဖို့ လိုနေတဲ့ ဒေသတွေကတော့ ဒီထက်ပိုပြီးတော့ ရှိသမျှ အင်အားစုတွေ အကုန်တိုင်ပင်ဆွေးနွေးပြီးတော့ ဒီရွေးကောက်ပွဲကို ကာဗာဖြစ်အောင် စစ်ရေး၊ နိုင်ငံရေးကို ဘယ်လိုတုံ့ပြန်ကြမလဲ။ အဲဒါတွေကို သေသေချာချာ တိုင်ပင်ပြီး ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော် ထင်တယ်” လို့ ဆိုပါတယ်။
နိုင်ငံရေးအခြေအနေမှာ နိုင်ငံခြားရေး၊ သံတမန်ရေးတွေကအစ၊ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ စုစည်းပြင်ဆင်မှု အခြေအနေတွေ အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍတွေပါ မကျန် အားလုံးပါဝင်နေတာ ဖြစ်ပါတယ်။
တော်လှန်ရေးကို ဦးဆောင်နေကြသူတွေအနေနဲ့ နိုင်ငံရေးကဏ္ဍမှာ လက်ရှိကာလ ဖြစ်နိုင်ချေတွေကို ရှုထောင့်ပေါင်းစုံက စဉ်းစားပြီး စုပေါင်းပြင်ဆင်ရမှာတွေ ရှိတယ်လို့ NUG ဝန်ကြီးချုပ်က အစည်းအဝေးမှာ ထောက်ပြပြောဆိုထားပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွေအပြင် မကြာသေးမီက စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားတွေနဲ့ ကြိုးပမ်းလာတာပါ။
ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ အခြေအနေဟာ နိုင်ငံ့ရဲ့ ၂၈ ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်နိုင်တော့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်က ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG