မဲဆောက်၊ သြဂုတ် ၃၁

ထိုင်းနိုင်ငံထဲမှာ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး စီမံချက်အရ နှစ်လကျော်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သိန်းကျော် စစ်ဆေးခဲ့ရာ အဲဒီထဲက မြန်မာအလုပ်သမားဦးရေ ၉၀၀ ကျော်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်း အလုပ်သမားဝန်ကြီးအဖွဲ့ရဲ့ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်ကို ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့က စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေးစီမံချက်အရ ဩဂုတ် ၂၂ ရက်နေ့အထိ ရက်ပေါင်း ၇၈ ရက်အတွင်း အလုပ်သမားပေါင်း ၂၀၈၀၀၀ ကျော်အထိ စစ်ဆေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့ဟာ အလုပ်သမားရှိတဲ့နေရာပေါင်း ၁၅၇၀၀ ကျော် စစ်ဆေးခဲ့ပြီး အဲဒီအထဲက ၅၃၉ နေရာကို အရေးယူသွားတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမား ၉၁၇ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၂၀၈ ဦး၊ လာအိုအလုပ်သမား ၁၈၈ ဦး၊ ဗီယက်နမ်အလုပ်သမား ၂၆ ဦးနဲ့ အခြားအလုပ်သမား ၁၀၂ ဦးတို့ဟာ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်နဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် နိုင်ငံထဲမှာရှိတဲ့ လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံဘက်ကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာလာမှု ပိုမိုများပြားလာတာပါ။

အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး သွားရောက်လွယ်ကူဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို တရားဝင်နည်းလမ်းနဲ့ရော တရားမဝင်နည်းလမ်းတွေနဲ့ပါ ဝင်ရောက်လာမှုတွေ အရင်ကထက် ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

ဒီလို ထိုင်း-မြန်မာ နယ်စပ်ဒေသကနေတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မကြာခဏဆိုသလို ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Thai Police Center

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.