ထားဝယ်၊ ဩဂုတ် ၃၁
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့သလို တပ်ကြပ်ကြီးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
တပ်အင်အား ၈၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာကနေ ကျောက်ဆိပ်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက် မနက် ၉ နာရီအချိန်ခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အချိန် ၂ နာရီခွဲနီးပါးအကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
စခန်းချနေတဲ့ချိန် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးထက်မနည်း သေဆုံးခဲ့သလို တပ်ကြပ်ကြီးတစ်ဦးကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖိုးချောက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ တိုက်ခိုက်ခံရတဲ့ အဲဒီစစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာထဲကို တပ်ပြန်ဆုတ်ခဲ့ပြီး ကျေးရွာအတွင်းက နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးတစ်ဦးကိုတော့ စစ်သုံ့ပန်းတစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတိုင်း ဆောင်ရွက်ထားပေးထားတယ်လို့ ကိုဖိုးချောက ပြောပါတယ်။
ဒါအပြင် နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်ဆိပ်ကုန်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ဘီးလုံးပြောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက်၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နဲ့ သာဂရစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် နှစ်ရက်ဆက်တိုက် စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YPPDF