မောင်တော၊ ဩဂုတ် ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဓာတုအဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်လာတယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်ရရှိရေးအတွက် AA ဟာ မြို့အတွင်းရှိ စစ်ကောင်စီရဲ့ ခုခံစစ် အဆင့်ဆင့်ကို တစ်ခုပြီးတစ်ခု ရှင်းလင်း တိုက်ခိုက်နေသလို စစ်ကောင်စီရဲ့ ခံစစ်နေရာ အများစုကို သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မောင်တောမြို့ပြင်မှာ တစ်ခုတည်းကျန်ရှိနေတဲ့ နခခ ၅ စခန်းအတွင်းကို ဆုတ်ခွာသွားပြီး အဲ့ဒီစခန်းအတွင်းမှ လက်နက်ကြီးအပြင် ဓာတုအဆိပ်ငွေ့တွေပါတဲ့ ဗုံးတွေကို ဩဂုတ် ၂၈ ရက်နေ့ကစပြီး အသုံးပြုတိုက်ခိုက်လာတယ်လို့ AA က ဆိုပါတယ်။
ဒါအပြင် မြို့အတွင်းကနေ ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေဟာ စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့တဲ့ တိုက်တာ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တဖက်မှာလည်း မောင်တောမြို့တွင်းမှာ စစ်ကူမဲ့ အခြေအနေဆိုးဝါးစွာနဲ့ အစုလိုက် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်း တိုက်ခိုက်နေတာကြောင့် အချို့နေရာတွေမှာ နှက်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

ဓာတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်နေတယ်ဆိုတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ရရှိထားတဲ့ မောင်တောမြို့ နေရာ အနှံ့အပြားမှ စစ်ကောင်စီတပ်နဲ့ မူဆလင်တပ်ဖွဲ့တွေရဲ့ အလောင်းအပြင် စစ်သုံးပန့်တွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ မူဆလင်လက်နက်ကိုင်တွေရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အပြစ်မဲ့ အရပ်သားပြည်သူ ၂၆၀၀၀ နီးပါးကိုလည်း AA က တိုက်ပွဲအတွင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ မောင်ရွှေလေး ရေတပ်စခန်း မကျရေးအတွက် စစ်ကူ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘော အရေအတွက်တွေကို ထပ်မံ ဖြည့်တင်းနေပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်နဲ့ အသည်းအသန် ခုခံနေတာကြောင့် ကျိန္တလီ၊ ဂွ နဲ့ အဲ့ဒီဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.