တိုကျို၊ သြဂုတ် ၃၀

ဂျပန်နိုင်ငံမှာ သြဂုတ် ၃၀ ရက်နေ့က တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဖြည်းဖြည်းချင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး သေဆုံးသူ ၅ ဦး အထိ ရှိလာချိန်မှာ လူသန်းပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားပါတယ်။

အဲဒီ အင်အားပြင်း မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး သယ်ယူပို့ဆောင်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မုန်တိုင်းဟာ သြဂုတ်၂၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမှာ ကျူရှူကျွန်းသို့ စတင် ဝင်ရောက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာအတွင်း ဂျပန်ကို ဝင်ရောက် တိုက်ခတ်တဲ့ အားအပြင်းဆုံးမုန်တိုင်း ရှန်ရှန်ဟာ သြဂုတ် ၃၀ ရက် နံနက်ပိုင်းမှာ အားအနည်းငယ် လျော့သွားပေမယ့် လေတိုက်နှုန်းက တစ်နာရီ ၁၂၆ ကီလိုမီတာ အထိ ရှိနေဆဲ ဖြစ်ပါတယ်။

ကျူရှူကျွန်းသို့ မုန်တိုင်း မဝင်ရောက်ခင် သြဂုတ် ၂၇ ရက်မှာမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အီချီဒေသမှာ မြေပြိုပြီး မိသားစုဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

ကျူရှူကျွန်းမှာ လှေငယ် တစ်စီးနဲ့ သွားလာနေတဲ့ အမျိုးသား တစ်ဦး သေဆုံးသွားပြီး တိုကူရှီမာဒေသမှာ နှစ်ထပ်အိမ် တစ်လုံး တစ်စိတ်တစ်ပိုင်း ပြိုကျရာက နောက်ထပ် လူတစ်ဦး သေဆုံးခဲ့ပါတယ်။

သြဂုတ် ၂၉ ရက်က ကျူရှူကျွန်းသို့ မုန်းတိုင်း ဝင်ရောက်လာချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၂၅၂ ကီလိုမီတာ ရှိပြီး အဆောက်အဦ ခေါင်မိုးတွေ ကျွတ်ထွက်သွားသလို ပြတင်းပေါက် မှန်တွေလည်း ကွဲသွားခဲ့ပါတယ်။

ဒဏ်ရာရသူ ၉၀ ကျော် ရှိပြီး အများစုကတော့ မှန်ကွဲစတွေ ထိမှန်လို့ ဒဏ်ရာရသူတွေ ဖြစ်ကြောင်း သိရပါတယ်။

တိုကျိုမြို့ အနီးရှိ နီနိုမီယာမြို့အထိ အရာရှိတွေက ဘေးကင်းရေး အစီအစဉ်တွေ လုပ်ဆောင်ထားကြဖို့ သတိပေးထားပြီး ဒေသတွင်းရှိ မြစ်ရေတွေ ရေလျှံနေပြီ ဖြစ်ပါတယ်။

ကျူရှူကျွန်းရဲ့ တချို့ ဒေသတွေမှာ သြဂုတ်လအတွက် မိုးရေချိန် စံချိန်တင် ရွာသွန်းခဲ့ပြီး ၄၈နာရီ အတွင်း ၇၉၁ ဒဿမ ၅ မီလီမီတာ ရွာသွန်းခဲ့ကြောင်း ဂျပန် မိုးလေဝသဌာနက ပြောပါတယ်။

ကျူရှူကျွန်းမှာ ကျည်ဆံရထား ဝန်ဆောင်မှု ရပ်ဆိုင်းထားဆဲ ဖြစ်ပြီး တိုကျိုနဲ့ အိုဆာကာကြား အဓိကလမ်းမကိုလည်း ပိတ်ထားပါတယ်။

သြဂုတ် ၃၀ ရက် အတွက် စီစဉ်ထားတဲ့ လေကြောင်း ခရီးစဉ် ၆၀၀ ကျော်ကို ဖျက်သိမ်းလိုက်ကြောင်း ဂျပန်လေကြောင်းလိုင်းက ကြေညာထားပါတယ်။

ဂျပန်အစိုးရက လူပေါင်း ၅ သန်း အတွက် အမြင့်မားဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.