ဝါရှင်တန်၊ သြဂုတ် ၂၉

ဘေဂျင်းမြို့တော်မှာ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံရဲ့သမ္မတတွေဖြစ်ကြတဲ့ ရှီကျင့်ဖျင်နဲ့ ဂျိုးဘိုင်ဒန်တို့ကြား လာမယ့် သီတင်းပတ်တွေမှာ ဖုန်းလိုင်းက တဆင့် ဆက်သွယ်တွေ့ဆုံရေး အစိုးရနှစ်ရပ်က စီစဉ်သွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က သြဂုတ် ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

တရုတ်ကို အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ပထမဆုံး သွားရောက်ခဲ့တဲ့ ဆူလီဗန်ရဲ့ ခရီးစဉ်က အဆင့်မြင့် ဆက်သွယ်ရေး လမ်းကြောင်း ဆက်လက် ဖွင့်ထားရေး၊ ပဋိပက္ခ ရှောင်ရှားရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်တွေအတွင်း ခေါင်းဆောင်အဆင့် ဆက်သွယ် ဆွေးနွေးမှု အပါအဝင် နှစ်နိုင်ငံစလုံးက ဆက်သွယ်ရေး လမ်းကြောင်းတွေ ဆက်လက် ဖွင့်ထားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတရာထူးကနေ ဘိုင်ဒန် မထွက်ခွာခင် ခေါင်းဆောင်နှစ်ဦး လူကိုယ်တိုင် တွေ့မယ်ဆိုတဲ့ ဖော်ပြချက်တော့ မတွေ့ရပါဘူး။

တရုတ်က စစ်အင်အားကို အလျင်အမြန် အားကောင်းအောင် လုပ်ဆောင်နေပြီး ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ဟာ ပဋိပက္ခ ဖြစ်ပွားနိုင်တဲ့ နေရာတွေ ဖြစ်လာနေပါတယ်။

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုဟာ ဒေသတွင်း အကြီးမားဆုံး အန္တရာယ် ဖြစ်တယ်လို့ ဝန်ကြီး ဝမ်ယိက ဆူလီဗန်ကို ပြောကြားပါတယ်။

အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက် ထောက်ပံ့ပေးနေတာတွေ အဆုံးသတ်ပြီး တရုတ်ရဲ့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ဆောင်ရွက်မှုကို ထောက်ခံဖို့ အမေရိကန်ကို တိုက်တွန်းကြောင်း ဝမ်ယိက ဆူလီဗန်ကို ပြောကြားခဲ့တဲ့အကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ်မှာအာဏာရှင်ဆန်တဲ့ ကွန်မြူနစ် တရုတ်နိုင်ငံကနေ ခွဲထွက်ခဲ့တာ ဖြစ်ပြီး ပြည်မကြီးနဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းရေး မလုပ်ရင် အင်အားသုံးပြီး ထိန်းချုပ်မယ်ဆိုတဲ့ ဘေဂျင်းရဲ့ တောင်းဆိုမှုကို ပယ်ချထားပါတယ်။

ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေး အရေးကြီးကြောင်း ဆူလီဗန်က ဝန်ကြီး ဝမ်ယိကို ပြောကြားခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ထားပြီး မိမိတို့ အကျိုးစီးပွားတွေ တိုက်ခိုက်ခံရရင် ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ တရုတ် ဗဟို စစ်ရေးကော်မရှင် အကြီးအကဲ ကျန်းယူရှားက ပြောဆိုခဲ့ပါတယ်။

ဆူလီဗန်က ကျန်းယူရှားနဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.