ဘန်ကောက်၊ သြဂုတ် ၃၀

ထိုင်းလေတပ်က သက်တမ်းရင့်နေပြီဖြစ်တဲ့ တိုက်လေယာဉ်တွေ နေရာမှာ အစားထိုးဖို့ ဆွီဒင်နိုင်ငံရှိ SAAB ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Gripen 39 တိုက်လေယာဉ်တွေ ဝယ်ယူလိုတယ်လို့ သြဂုတ် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

ထိုင်းလေတပ်က ရွေးချယ်စရာ အားလုံးကို ၁၀ လကြာ ချိန်ထိုး စဉ်းစားခဲ့ပြီးနောက် စစ်တပ်ရဲ့ လိုအပ်ချက်၊ လေတပ်ရဲ့ ဗျူဟာနဲ့ ကိုက်ညီမယ့် စွမ်းရည်တွေရှိတဲ့ JAS 39 Gripen E/F အမျိုးအစား တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ထိုင်းလေတပ်က ကနဦးမှာ Gripen တိုက်လေယာဉ်တွေနဲ့ အမေရိကန် ကုမ္ပဏီ လော့ခ်ဟီးမာတင်ထုတ် F-16 တိုက်လေယာဉ်တွေကြား ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဝယ်ယူရေး အပြီးသတ် ဆုံးဖြတ်ချက်ကို လွှတ်တော်က ချမှတ်ရမှာ ဖြစ်ပါတယ်။

ထိုင်းလေတပ်က အနာဂတ်မှာ Gripen တိုက်လေယာဉ်တွေ ဝယ်ယူလိုကြောင်း မိမိတို့ကို ဆက်သွယ် ထားတယ်လို့ SAAB ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို အတည်ပြုထားပါတယ်။

လက်ရှိ အချိန်အထိတော့ မှာယူထားတာနဲ့ စာချုပ်ချုပ်ထားတာ မရှိသေးဘူးလို့ အဲဒီပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက် ပြောကြားပါတယ်။

လက်ရှိ ထိုင်းစစ်တပ်ဟာ JAS 39 Gripen တိုက်လေယာဉ် ၁၁ စီးနဲ့ အမေရိကန်ထုတ် F-16 နဲ့ F-5 တိုက်လေယာဉ် ဒါဇင်နဲ့ချီ ပိုင်ဆိုင်ထားပါတယ်။

ဒါပေမဲ့ F-16 နဲ့ F-5 တိုက်လေယာဉ်တွေကို ထိုင်းလေတပ်က အသုံးပြုလာတာဟာ ၁၉၈ဝ ပြည့်နှစ် နှောင်းပိုင်းကာလ ကတည်းက ဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိ တိုက်လေယာဉ် အသစ် လေးစီး ဝယ်ယူရေး ထိုင်းလေတပ်က ၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် ဘက်ဂျက် ဘတ် ၁၉ ဘီလီယံ(ကန်ဒေါ်လာ သန်း ၅၆၀) တောင်းခံထားပြီး ဖြစ်ပါတယ်။

သက်တမ်းရင့်နေပြီ ဖြစ်တဲ့ တိုက်လေယာဉ်တွေ နေရာမှာ အစားထိုးရေး ထိုင်းလေတပ်ရဲ့ နှစ်ရှည် စီမံကိန်းအရ ၂၀၃၄ ဘဏ္ဍာရေးနှစ်မှာ တိုက်လေယာဉ် အသစ် ၁၂ စီး ဝယ်ယူရေး ထိုင်းလေတပ်က စီစဉ်နေတာ ဖြစ်ပါတယ်။

အဲဒီဘက်ဂျက် ပထမဆုံးအသုတ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ ခွင့်ပြုခဲ့ပြီး ဒုတိယနဲ့ တတိယအသုတ်တွေကို လာမယ့်လ လဆန်းပိုင်းမှာ စိစစ် ခွင့်ပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.