သီပေါ၊ သြဂုတ်၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ် ၂၇ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုတွေ အိပ်မောကျနေတဲ့အချိန် Y -12 လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချသွားတာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ အသက် ၆၀ အရွယ် ဦးဖိုးလူနဲ့ အသက် ၅၀ အရွယ် ဦးအောင်နိုင်တို့ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် အုတ်ကျင်းရပ်ကွက်ရှိ အထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းအပါအဝင် လူနေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သီပေါမြို့မှာ သြဂုတ် ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA