မကွေး ဩဂုတ် ၂၇
မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာရှိ စာသင်ကျောင်းမှာကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့ ဆရာ၊ဆရာမတွေက အတင်းအကြပ် ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စာမေးပွဲအတွက် လေ့ကျင့်ဖို့စာတွေကို ကျောင်းတက်နိုင်တဲ့ကျောင်းသားတွေကို ပေးနေပြီဖြစ်ပြီး ကျောင်းမတက်နိုင်တဲ့ကျောင်းသားတွေကိုတော့ စာမေးပွဲဖြေခွင့်မပေးဘူးလို့ သိရပါတယ်။
“အခုကျောင်းမှာ စာမေးပွဲအတွက် စာတွေကိုပေးနေပြီ။ ကလေးတွေကကျောင်းမတက်ကြဘူး။ သူတို့နဲ့ နီးစပ်တဲ့သူတွေပဲ တက်ကြတာပေါ့။ကျောင်းမတက်ရင် စာမေးပွဲမဖြေရဘူးလို့ ပြောတယ်”လို့ ကျောင်းသားမိဘတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မဲဇလီရွာ စာသင်ကျောင်းဟာ အထက်တန်းကျောင်းဖြစ်ပြီးတော့ အနီးနားရွာတွေက ကျောင်းသူ၊ကျောင်းသားတွေပါ လာရောက် စာသင်ကြားနေကြရတာပါ။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မှာ မဲဇလီကျေးရွာကနေ ကြီးအုံကြီးဝ တမံဘက်သို့ သွားတဲ့လမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် အနီးနားကျေးရွာတွေကပါ စစ်ဘေးရှောင်နေရတာပါ။
ဒါ့အပြင် မဲဇလီကျေးရွာ ဒေသခံတချို့ဟာလည်း စစ်ဖြစ်လာနိုင်တာကြောင့် ဆွေမျိုးနီးစပ် ကျေးရွာတွေကို ကြိုတင်ရှောင်ရှားနေကြရတာလည်း ဖြစ်ပါတယ်။
ကြိုတင်ရှောင်ရှားနေသူတွေကို စစ်ကောင်စီဘက်က လိမ်ညာပြီးပြန်လည်ခေါ်ဆောင်တာ၊ ကျောင်းတက်ဖို့ ဖိအားပေးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာဟာ သူတို့ရဲ့ဘေးအန္တရာယ်အတွက် ပြည်သူကို အကာအကွယ် ယူချင်တဲ့သဘောမျိုးဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media