ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၇

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးသွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနဲ့ လွတ်ရှမ်းကျေးရွာအတွင်းမှာ ဩဂုတ်လ ဒုတိယအပတ်လောက်ကနေစပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အနန်းကွင်းစစ်ဗျူဟာစခန်းနဲ့ လွတ်ရှမ်းဂိတ်စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတို့ကို အပြင်းအထန်အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းကျေးရွာ ရွာလုံးကျွတ်နီးပါး ပျက်စီးထားသလို လွတ်ရှမ်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးထားတယ်လို့ သိရပါတယ်။

အနန်းကွင်းဒေသ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။

တိုက်ပွဲအတွင်းပါဝင်နေတဲ့ KNLA တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့တစ်ခုက တော့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့အတူ နေ့စဉ်နဲ့အမျှ တိုက်ပွဲဝင်နေတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီအားပေးထောက်ခံတဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ အနန်းကွင်းဗျူဟာကို KNLA PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်တာဟာ ၃ ကြိမ်ရှိပြီဖြစ်ပြီး အထိခိုက်အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ အနန်းကွင်းဒေသမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကိုသာ အားကိုးခုခံနေရပြီး မြေပြင်ကနေ စစ်ကူတပ်တွေက လက်ရှိအချိန်အထိ လာရောက်မှုမရှိသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အနန်းကွင်းဒေသတိုက်ပွဲကြောင့် အနန်းကွင်း၊ လွတ်ရှမ်းစတဲ့ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး တိုက်ပွဲကြောင့် နယ်မြေဒေသအတွင်းရှိ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.